သံတွဲမှာ တစ်ကိုယ်တော်ဆန္ဒပြသူ အာမခံမရ
2013.09.03

မြန်မာနိုင်ငံနေရာအနှံ့ စစ်တပ်ကသိမ်းဆည်းထားတဲ့ လယ်ယာမြေတွေပြန်ပေးဖို့ တစ်ကိုယ်တော် ဆန္ဒပြတောင်းဆိုခဲ့တာကြောင့် ပုဒ်မ ၁၈ နဲ့ နှစ်ကြိမ်တိုင် တရားစွဲဆိုခံနေရတဲ့ သံတွဲမြို့ခံ ကိုစိုးဝေကို နောက်ထပ် ပုဒ်မ ၁၈ နဲ့ ဒီနေ့ထပ်မံစွဲဆိုလိုက်ပြီး အာမခံကို မြို့နယ်တရားရုံးက ပြန်လည်ရုတ်သိမ်းလိုက်ပါတယ်။
တရားရုံးတက်ရောက်ခဲ့တဲ့ ကိုစိုးဝေရဲ့မိတ်ဆွေ သံတွဲမြို့ခံ ကိုမြင့်မိုးက RFA ကို အခုလိုပြောပါတယ်။
“တရားသူကြီးက ကိုစိုးဝေကို အမခံရုပ်သိမ်းလိုက်ပြီလို့ ပြောပါတယ်၊ ဒီနေ့ညတော့ ထောင်ထဲမှာအိပ်ရမယ်၊ မနက်ဖြန် သူ့ကိုရုံးချိန်းထားပါတယ်၊ အခုအခါနဲ့ဆို သုံးကြိမ်ရှိပြီလေ၊ ပထမအကြိမ်ကျတော့ သူတို့ရပ်ကွက်ထဲက အာမခံနှစ်ယောက်ခေါ်လာပါတယ်၊ နောက်တစ်ကြိမ်ကျတော့ သူ့ကိုကိုယ်ပိုင် အမခံပေးပါတယ်၊ တတိယအကြိမ်ကျတော့ ခင်ဗျားကို ကျနော်အာမခံမပေးတော့ဘူး၊ အာမခံရုပ်သိမ်းလိုက်ပြီလို့ ပြောပါတယ်”
ကိုစိုးဝေဟာ စစ်တပ်ကသိမ်းဆည်းထားတဲ့ လယ်ယာမြေတွေပြန်ပေးဖို့ မနေ့ညနေပိုင်းက သံတွဲမြို့ လေဆိပ်အနီးမှာ ၃ ကြိမ်မြောက် တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်ခဲ့တဲ့အတွက် ပုဒ်မ ၁၈ နဲ့ ထပ်မံတရားစွဲခံရတာဖြစ်ပါတယ်။
ကိုစိုးဝေကို မနေ့ညနေပိုင်းမှာ သံတွဲမြို့နယ်ရဲစခန်းမှူးအပါအဝင် ရဲဝန်ထမ်း ၆ ဦးလောက်က ခေါ်ဆောင်သွားပြီး ဒီကနေ့တရားရုံးမှာ အာမခံကို ပြန်လည်ရုတ်သိမ်းလိုက်တာ ဖြစ်ပါတယ်။