ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကို သဘာဝဘေးစီမံခန့်ခွဲမှု ပုဒ်မနဲ့ စွဲချက်တင်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ရဲ့ အမှုတွေထဲက သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့ အရေးယူထားတဲ့ အမှုတွေကို တရားရုံးက ဒီနေ့ စွဲချက်တင်လိုက်ပြီး သူတို့နှစ်ဦးလုံးက အပြစ်မရှိကြောင်း ထွက်ဆိုခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေအဖွဲ့က ပြော ပါတယ်။
အခုစွဲချက်တင်လိုက်တဲ့အမှုတွေက ၂၀၂၀ ရွေးကောက်ပွဲအကြိုကာလ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ မဲဆွယ်တဲ့ယာဉ်တန်း လှည့်လည်တာကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့က နေ အိမ်ရှေ့ထွက် လက်ပြခဲ့တာဟာ ကိုဗစ်စည်းကမ်းတွေ ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အရေးယူခံထားရတဲ့အမှုတွေပါ။
အဲဒီစွဲချက်တင်တဲ့အမှုတွေအတွက် ပြန်ခေါ်သက်သေအနေနဲ့ တရားလိုပြသက်သေနှစ်ဦးဖြစ်တဲ့ ရဲမှူး မြင့်နိုင်နဲ့ ဒု-ရဲအုပ် လှိုင်ဝင်း တို့ကို ပြန်ခေါ်ထားပြီး နောက်ရုံးချိန်းမှာ အဲဒီပြန်ခေါ်သက်သေ နှစ်ဦးကို စစ်ဆေးရမယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်တစ်ပတ်ရုံးချိန်းက ရုံးတော်ကိုလျှောက်ထားတဲ့ ကျန်းမာရေးအရ နှစ်ပတ် တစ်ကြိမ်စစ်ဆေးဖို့ တောင်းဆိုထားတာလည်း တရားရုံးက ပယ်ချတာခံခဲ့ရပါတယ်။
အသက် ၇၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုအမှုတွေအတွက် အပတ်စဉ် ရုံးချိန်းတွေမှာ လူကိုယ်တိုင် လာရောက်အစစ်ဆေးခံရမှာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စွဲထားတဲ့ ပို့ကုန်သွင်း/ကုန်ဥပဒေပုဒ်မ ၈ နဲ့ အရေးယူထားတဲ့အမှုမှာတော့ တရားလိုဘက်က နောက်တိုးသက်သေတင်ခဲ့သူတစ်ဦးကို ဒီကနေ့ ဆက်လက်စစ်ဆေးခဲ့ပါတယ်။
ဆက်သွယ်ရေးဥပေဒ ပုဒ်မ ၆၇ နဲ့ အရေးယူထားတဲ့အမှုကတော့ ဒီနေ့မှာ စွဲချက်တင်သင့် မတင်သင့် အမိန့်ချ ရမှာဖြစ်ပေမယ့် ပို့ကုန်/သွင်းကုန်အမှုနဲ့ ဆက်စပ်နေတာကြောင့် အဲဒီအမှုကိုစောင့်ပြီး တညီတည်း အမိန့်ချ မယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။
ဒီအမှုတွေကတော့ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းတဲ့ မနက်အစောပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို ဝင်ရောက်စီးနင်းစဉ် သူ့ရဲ့သက်တော်စောင့်တွေ၊ ဂိတ်ကင်းတဲနဲ့ ကိုယ်ရေးအရာရှိဆောင်တို့မှာ စကားပြောစက်တွေနဲ့ Jammer တစ်စုံတို့ကို တွေ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အရေးယူခံထားရတဲ့အမှုတွေပါ။
ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရနိုင်တဲ့ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃ (၁) (ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ (၅၅) တို့ အပါအဝင် အမှုစုစုပေါင်း ၁၁ မှုနဲ့ အရေးယူခံနေရပါတယ်။