စီးပွားရေးအကြံပေး မစ္စတာရှောင်တားနဲလ်အမှု ဆက်လက်စစ်ဆေး

2021.12.16
စီးပွားရေးအကြံပေး မစ္စတာရှောင်တားနဲလ်အမှု ဆက်လက်စစ်ဆေး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ စီးပွားရေးဆိုင်ရာအကြံပေး မစ္စတာ ရှောင်တားနဲလ်တို့ကို ၂၀၂၁ ခုနှစ်က တွေ့ရစဥ်
Photo: Sean Turnell's Facebook

NLD အစိုးရလက်ထက်က စီးပွားရေးအကြံပေးအဖြစ် တာဝန်ယူခဲ့သူ ဩစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တားနဲလ်ကို စွဲထားတဲ့ အမှုနှစ်ခုထဲက လူဝင်မှုကြီးကြပ်ရေးဥပဒေအမှုနဲ့ ပတ်သက်လို့ တရားလိုပြ သက်သေတစ်ဦးကို ဒီနေ့ စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

နောက်တစ်မှုဖြစ်တဲ့ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်ဥပဒေပုဒ်မ - ၃ (၁) (ဂ) အမှုနဲ့ပတ်သက်လို့ ဒီနေ့မှာ စွပ်စွဲခံရသူ ငါးဦးနက် တစ်ဦးက နေမကောင်းဖြစ်ပြီး တရားရုံးကို မလာနိုင်တာကြောင့် နောက်ရုံးချိန်းကို ရွှေ့ဆိုင်းလိုက်တယ်လို့ ဆိုပါတယ်။

ဒီအမှုဟာ ရှောင်တားနဲလ်ရဲ့ ကွန်ပျူတာနဲ့ စာရွက်စာတမ်းတွေမှာ တွေ့ရှိချက်တွေအရ သူနဲ့အတူ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ NLD အစိုးရ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း၊ စီမံဘဏ္ဍာနဲ့ စက်မှု ဒုဝန်ကြီး ဦးဆက်အောင်၊ စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်း တို့ကိုပါ စစ်ကောင်စီဘက်က တရားစွဲထားတာပါ။

စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း ကတော့ နေမကောင်းဖြစ်နေလို့ ဆေးကုသမှုခံယူနေရတာကြောင့် ဒီနေ့ တရားရုံးချိန်းကို မလာနိုင်ခဲ့ဘူးလို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

အဲဒီအမှုနှစ်ခုစလုံးကို နေပြည်တော် အထူးတရားရုံးမှာ တပြိုင်တည်း စစ်ဆေးနေတာဖြစ်ပြီး အမှုနှစ်ခုလုံး အတွက် နောက်တစ်ပတ် ကြာသပတေးနေ့ ဒီဇင်ဘာ ၂၃ ရက်နေ့ကို ပြန်လည်ချိန်းဆို ထားပါတယ်။

မစ္စတာ ရှောင်တားနဲလ်ဟာ NLD အစိုးရလက်ထက် စီးပွားရေးအကြံပေးအဖြစ် ၂၀၁၇ ခုနှစ်ကတည်းက စတင်လုပ်ကိုင်ခဲ့ပြီး စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ပထမဆုံးထိန်းသိမ်းခံရတဲ့ NLD အစိုးရနဲ့ နီးစပ်တဲ့ နိုင်ငံခြားသားတစ်ဦးဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။