ကျောင်းသားတွေကို ဆက်လက်ရုံးထုတ်၊ တစ်ဦးကို အာမခံပေး


2015.11.03
students-aungsanmhine-620.jpg သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားကျောင်းသူနဲ့ ဝန်းရံသူတွေကို နိုဝင်ဘာလ ၃ ရက်နေ့က တွေ့ရစဉ်
Photo: Kyaw Zaw Win/ RFA

သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားကျောင်းသူနဲ့ ဝန်းရံသူ စုစုပေါင်း ၅၄ ဦးကို ဒီနေ့ သာယာဝတီခရိုင်တရားရုံးမှာ ရုံးထုတ်ပြီး ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ကိုအောင်စည်သူကို အာမခံပေး လိုက်ပါတယ်။

ကျန်းမာရေးမကောင်းတဲ့အတွက် ဆေးရုံရဲ့ ထောက်ခံချက်တင်ပြပြီး ငွေကျပ် သိန်းငါးဆယ်နဲ့ အာမခံရရှိခဲ့ တာဖြစ်တယ်လို့ ဗကသ ကျောင်းသား ကိုအောင်စည်သူက ပြောပါတယ်။

"ကျန်မာရေးကြောင့်ပေါ့နော် ကျန်မာရေးကိုမှဘယ်လိုပြောရမလဲ၊ ဆေးရုံရဲ့ထောက်ခံချက်နဲ့ပေါ့ နောက် အပတ်မှာလည်း ၆ ရက်နေ့မှာလည်း ပြရမှာဖြစ်တဲ့အတွက် ဒီလိုပေးတယ်ပေါ့၊ ဟိုအပတ်က ၂ဝ ရက်နေ့ရုံးချိန်းတုန်းက အပေါ့သွားတာ အိမ်သာခန်းထဲမှာ ချော်လဲတုန်းက မျက်နှာနဲ့ သမံတလင်းနဲ့ ရိုက်မိတယ်၊ အခုအပတ်ထဲမှာ ကျနော်တစ်ယောက်တည်း ရတယ်ဆိုပြီးတော့ပေါ့နော် ကျန်တဲ့အထဲက လူတွေကိုလည်း အာမခံပေးသင့်တယ်ပေါ့နော်"

ဒီနေ့ ရုံးထုတ်မှာ အမှုကို စစ်ဆေးခြင်းမရှိဘဲ လာမယ့် နိုဝင်ဘာလ ၁၁ ရက်နေ့ကို ရုံးချိန်းသတ်မှတ်ပေး လိုက်ပါတယ်။

အခုဆိုရင် သာယာဝတီအကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့အတွက် အစာငတ်ခံ ဆန္ဒပြနေတဲ့ ကျောင်းသားနဲ့ ဝန်းရံသူ စုစုပေါင်း ၇ ဦးအထိ ရှိပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁ဝ ရက်နေ့က လက်ပံတန်းကျောင်းသားသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွဲခံရ ပြီးနောက် ကျောင်းသားကျောင်းသူနဲ့ ဝန်းရံသူ ၁၂၇ ဦး ဖမ်းဆီးခဲ့ပြီးနောက် အာမခံနဲ့ လွတ်မြောက် လာသူတွေရှိတဲ့အတွက် လက်ရှိ သာယာဝတီအကျဉ်းထောင်မှာ ၅၃ ဦး ကျန်နေပါတယ်။

နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ဥပဒေမဲ့အစုအဖွဲ့မှာပါဝင်မှု စတဲ့ ပုဒ်မ ၅ ခုနဲ့ အမှုရင်ဆိုင်နေရသူ ၇ဝ ရှိပြီး သူတို့အားလုံကို စွဲဆိုထားတဲ့ အမှုတွေကို ပယ်ဖျက်ပေးဖို့အတွက် သူတို့ရဲ့ရှေ့နေက ပဲခူးတိုင်းတရားလွှတ်တော်ထံ တင်ပြထားပါတယ်။

ဒီအကြောင်း RFA သတင်းထောက် မခင်ပြည့်စုံ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။