ခိုတောင်းကျွန်းလူသတ်မှု တရား လိုပြသက်သေတွေ စတင်စစ်ဆေး
2015.07.08

ထိုင်းနိုင်ငံ ခိုတောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦးအသတ်ခံရမှုမှာ တရားခံအဖြစ် စွပ်စွဲခံထားရတဲ့ မြန်မာနိုင်ငံသား ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ရဲ့အမှုကို ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွေ တရားရုံးမှာ မနေ့က စတင်စစ်ဆေးခဲ့ရာ မှာ၊ တရားလိုပြသက်သေ ထိုင်းရဲအရာရှိတွေရဲ့ ထွက်ဆိုချက်တချို့ဟာ မှတ်တမ်းနဲ့ ကွဲလွဲနေတယ်လို့ သိရပါတယ်။
အခင်းဖြစ်ပွားပြီးနောက် ပထမဆုံး မှတ်တမ်းရယူခဲ့တဲ့ ထိုင်းရဲအရာရှိ နှစ်ယောက်ရဲ့ မနေ့က ထွက်ဆိုချက်တွေမှာ မူလမှတ်တမ်းအရ တင်ပြထားချက်တွေနဲ့ ကွဲလွဲနေပြီး၊ အဲဒီအချက်တွေကို တရားပြိုင် ရှေ့နေက ထောက်ပြခဲ့တယ်လို့ တရားရုံးကို သွားရောက် ကြားနာခဲ့တဲ့ ထိုင်းနိုင်ငံ ဖန်ငအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းအဖွဲ့ က ကိုမိုးေ၀ က ပြောပါတယ်။
"ရဲတွေက ပြောတဲ့ပုံစံနဲ့ ကျနော်တို့ ရှေ့နေများ ကောင်စီက ပြန်ပြီးတော့ထောက်တာ တွေဟာ တချို့ဟာတွေ ကွဲလွဲနေတာတွေရှိတယ်၊ ဒီအလောင်းကို တွေ့တဲ့ အချိန်မှာ ၆ နာရီခွဲလောက်မှာ ရောက်သွားတော့ သူက ရေကြီး လာမှာကြောက်လို့ ဒီအလောင်းကို ရွှေ့ပစ်လိုက်တယ်၊ ဒီအောက်က ပလပ်စတစ်ခံ ပြီးတော့ပေ့ါနော် ပြီးတော့မှ ဒေသခံဆရာဝန်ကိုခေါ်ပြီးတော့ ယူတယ်ပေါ့၊ စစ်ဆေး DNA တွေ ဘာတွေကို ပြီးမှ ရဲကို အကြောင်းကြားတယ် ပြီးမှ အမှတ် ၈ ရဲဌာနက ဆင်းလာတယ်၊ ဒီသေသွားတဲ့ အလောင်းတွေကို ခြေရာတွေ ဆွဲပြီးတော့ တခြားနေရာ ကို ရွှေ့ထားတဲ့ အရာတွေရှိနေတယ်ပေါ့၊ အဲလိုမျိုးတွေ စွပ်စွဲထားတယ်၊ ပြီးလို့ရှိ ရင် ဘောလုံးကွင်း တစ်ကွင်းစာလောက် ဝိုင်းထားတယ်ပေါ့၊ ဒီနေရာမှာ ဘယ်သူမှ ပေးမဝင်ဘူးဆိုတာ ကျနော် တို့ရှေ့နေ အကြံပေးတာ တစ်ယောက်တည်းနဲ့ မင်းတို့ ဘယ်လိုထိန်း လဲပေါ့၊ ကိုက် ၂၀၀ လောက်အကွာကြီးကို အကျယ်ကြီး၊ အဲ့ဒါတွေကို ပြန်ပြီး ထောက်ထားတာတွေ ရှိတယ်"
တရားပြိုင်ဘက်က ရှေ့နေတွေက ထိုင်းရဲတပ်ဖွဲ့ရဲ့ အမှုအပေါ် ဆောင်ရွက်ချက်တွေကို ဝေဖန်ပြောဆိုခဲ့ကြရာမှာ အခင်းဖြစ်ပွားရာနေရာကို နာရီပေါင်း အတော်ကြာမှ လုံခြုံရေး ကြိုးတန်းတာ၊ ဆေးဘက်ကျွမ်းကျင်သူတွေကို အမြန်ဆုံး မခေါ်ယူခဲ့တာ စတဲ့အချက်တွေကို မေးခွန်းထုတ်ခဲ့ကြပါတယ်။
ဒါ့အပြင် စွပ်စွဲခံရသူတွေနှစ်ဦးရဲ့ မျိုးဗီဇ DNA စစ်ဆေးရာမှာလည်း ထိုင်းရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်နဲ့ ဗြိတိန် ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်ကြားမှာ ကွာဟချက်တွေ ရှိနေတဲ့အတွက် လွတ်လပ်တဲ့ မျိုးဗီဇစစ်ဆေးခွင့်ပြုဖို့လည်း တရားပြိုင် ရှေ့နေတွေ က အဆိုပြုထားပါတယ်။ ဒီကိစ္စကို ဒီနေ့ အဆုံးအဖြတ်ပေးမယ်လို့ တရားသူကြီးက ပြောဆိုခဲ့ပါတယ်။
ဒီအမှုကို ဇူလိုင်လ ၁၀ ရက်နေ့အထိ သုံးရက်ဆက်တိုက် စစ်ဆေးသွားမှာဖြစ်ပြီး တရားလိုဘက်က ထွက်ဆိုမယ့် အဓိက တရားလိုပြသက်သေ ၅ ယောက်ကို တရားရုံးက ကြားနာစစ်ဆေးသွားမှာဖြစ်သလို၊ တရားပြိုင်ဘက်က သက်သေတွေ ကိုလည်း လာမယ့် သြဂုတ်လထဲမှာ စစ်ဆေးမှာဖြစ်တယ်လို့ သိရပါတယ်။
မနေ့က တရားရုံးကြားနာပွဲကို ထိုင်းရှေ့နေများကောင်စီ၊ မြန်မာသံရုံးက တာဝန်ရှိ သူတွေနဲ့ အမှုကိုလိုက်ပါ ကူညီသူတွေအပြင် ဗြိတိန်နိုင်ငံသံရုံးက တာဝန်ရှိ သူတွေ၊ အသတ်ခံခဲ့ရသူတွေရဲ့မိသားစုဝင်တွေ လာရောက်ခဲ့ကြပါတယ်။
မြန်မာလူငယ် ၂ ဦးကို ထိုင်းရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က ဖမ်းဆီးခဲ့ပြီး လူသတ်မှု၊ မုဒိမ်းမှု၊ ပစ္စည်းခိုးမှု၊ လုယက်မှု၊ သတင်းထိန် ချန်မှု၊ ထိုင်းနိုင်ငံကို တရားမဝင်လာရောက်မှုနဲ့ တရားမဝင်နေထိုင်မှု စတဲ့ စွဲချက် ၇ ခုနဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။