NLD အစိုးရ စီးပွားရေးအကြံပေး မစ္စတာ ရှောင်တားနဲလ်အမှု တရားလိုကိုစစ်ဆေး

2021.12.02
NLD အစိုးရ စီးပွားရေးအကြံပေး မစ္စတာ ရှောင်တားနဲလ်အမှု တရားလိုကိုစစ်ဆေး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး ဩစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တားနဲလ်ကို တွေ့ရစဥ်
Photo: Sean Turnell's Twitter

NLD အစိုးရနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး ဩစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တားနဲလ်ကို စွဲထားတဲ့ အမှုနှစ်ခုထဲက မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်ဥပဒေ ပုဒ်မ - ၃ (၁)(ဂ) အမှုနဲ့ ပတ်သက်လို့ တရားလိုကို ဒီဇင်ဘာလ ၂ ရက် ဒီနေ့ရုံးချိန်းမှာ စစ်ဆေးပြီးသွားပြီလို့ တရားရုံးနဲ့ နီးစပ် သူတွေက RFA ကို ပြောပါတယ်။

တရားလိုဖြစ်တဲ့ တာမွေမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်မျိုးလွင်ကို နေပြည်တော် အထူးတရားရုံးမှာ စွပ်စွဲ ခံရသူ ငါးဦးလုံးအတွက် အပြန်အလှန်စစ်မေးခဲ့ကြတာပါ။ နောက်တစ်ပတ် ရုံးချိန်းကိုတော့ ဒီဇင်ဘာလ ၉ ရက်နေ့ကို ချိန်းဆိုထားပြီး တရားလိုပြသက်သေတွေကို ဆက်လက်စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။

မစ္စတာ ရှောင်တားနဲလ်ရဲ့ ကွန်ပျူတာနဲ့ စာရွက်စာတမ်းတွေမှာ တွေ့ရှိချက်တွေအရ ဒီအမှုမှာ သူနဲ့အတူ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ NLD အစိုးရ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း၊ စီမံဘဏ္ဍာနဲ့ စက်မှု ဒုဝန်ကြီး ဦးဆက်အောင်၊ စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်း တို့ကိုပါ စစ်ကောင်စီဘက်က တရားစွဲဆို ထားတာပါ။

မစ္စတာ ရှောင်တားနဲလ်ဟာ အစိုးရလျှို့ဝှက်ချက်များ ဥပဒေပုဒ်မ - ၃ (၁) (ဂ) အပြင် လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့ပါ တရားစွဲခံထားရတာဖြစ်ပါတယ်။

အဲဒီအမှုနှစ်ခုစလုံးကို နေပြည်တော် အထူးတရားရုံးမှာ တပြိုင်တည်း စစ်ဆေးနေပြီး၊ မစ္စတာ ရှောင်တားနဲလ် တစ်ဦးတည်းကိုစွဲထားတဲ့ လူဝင်မှုကြီးကြပ်ရေးအမှုကတော့ ဒီနေ့မှာ တရားလိုကို စစ်ဆေးခဲ့တယ်လို့ ဆို ပါတယ်။

မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်ဥပဒေ ပုဒ်မ - ၃ (၁)(ဂ) ဟာ လွန်ခဲ့တဲ့ ၁၉၂၃ ခုနှစ်ကတည်းက ပြဌာန်း ခဲ့တာဖြစ်ပြီး ပြစ်မှုထင်ရှားရင် အမြင့်ဆုံး ထောင်ဒဏ် ၁၄ နှစ်ထိ ချမှတ်နိုင်ပါတယ်။

မစ္စတာ ရှောင်တားနဲလ်ဟာ ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ မက်ကွိုင်းယား (Macquarie) တက္ကသိုလ်၊ မြန်မာဖွံ့ဖြိုးရေးအင်စတီကျုမှာ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သူဖြစ်ပြီး အဲဒီတက္ကသိုလ်ရဲ့ ဂုဏ်ထူးဆောင် ပါမောက္ခတစ်ဦးဖြစ်ပါတယ်။

စီးပွားရေးပညာရှင်တစ်ဦးအဖြစ် ဩစတြေးလျ Reserve Bank (Reserve Bank of Australia) မှာ နှစ်ပေါင်း များစွာ တာဝန်ထမ်းခဲ့ပြီး ၂၀၀၀ ခုနှစ်ကစလို့ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစိုက်မတ်မတ်ဆောင် ရွက်ခဲ့သူ ဖြစ်ပါတယ်။

သူဟာ NLD အစိုးရလက်ထက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးအဖြစ် ၂၀၁၇ ခုနှစ်ကတည်းက စတင်လုပ်ကိုင်ခဲ့ပြီး စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ပထမဆုံးထိန်းသိမ်းခံရတဲ့ NLD အစိုးရနဲ့ နီးစပ်တဲ့ နိုင်ငံခြားသားတစ်ဦးဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။