ဦးကိုနီအမှုမှာ မျက်မြင်သက်သေတွေကို စတင်စစ်ဆေး
2017.08.04

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တရားလွှတ်တော်ရှေ့နေဦးကိုနီ ကို လုပ်ကြံစဉ် အနီးကပ်မြင်တွေ့ခဲ့တဲ့ အငှားယာဉ်မောင်း သုံးဦးကို ဒီကနေ့ အင်းစိန်မြောက်ပိုင်းခရိုင်တရားရုံးမှာ စစ်ဆေးပါတယ်။
အဲဒီအငှားယာဉ်မောင်းထဲက ၃ ဦးဟာ ဦးကိုနီ လုပ်ကြံခံရတာကို မြင်တွေ့ခဲ့သူတွေဖြစ်တယ်လို့ ဦးကိုနီအမှုရဲ့ တရား လွှတ်တော်ရှေ့နေ ဦးခင်မောင်ဌေး ကပြောပါတယ်။
"သူ့ကားပေါ်ကို တက္ကစီစီးမယ်သူ တင်ပေးလိုက်တဲ့အချိန် တက္ကစီသမားတင်နေတဲ့အချိန်မှာ သူက ဦးကိုနီကို ကိုကြည်လင်းက သေနက်နဲ့ နောက်ကနေချိန်ပြီးတော့ပစ်တာကို ၈ ပေအကွာကနေပြီးတော့ တွေ့တယ်လို့"
ဒီကနေ့ တရားရုံးချိန်းဟာ ၁၈ ကြိမ်မြောက်ဖြစ်ပါတယ်။ တရားလွှတ်တော်ရှေ့နေဦးကိုနီကို လုပ်ကြံတဲ့ ကြည်လင်း အပါအဝင် ဇေယျာဖြိုး၊ အောင်ဝင်းဇော်နဲ့ အောင်ဝင်းထွန်းတို့ ၄ ဦးတို့ကို ရုံးထုတ်ခဲ့ပေမယ့် သူတို့ကိုတော့ စစ်ဆေးတာ မရှိသေးပါဘူး။
ဒီအမှုမှာ သက်သေအယောက် ၈၀ ကျော်ကို စစ်ဆေးဖို့ရှိပြီး ဒီကနေ့အထိ ၁၆ ယောက်ကို စစ်ဆေးပြီးဖြစ်ပါတယ်။ တရားလွှတ်တော်ရှေ့နေ ဦးကိုနီဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လုပ်ကြံခံရတာဖြစ်ပါတယ်။