စီးပွားရေးအကြံပေး မစ္စတာ ရှောင်တားနဲလ်အမှု သက်သေမလာလို့ ရုံးချိန်းရွှေ့ဆိုင်း
2021.12.09
NLD အစိုးရလက်ထက်က စီးပွားရေးအကြံပေးအဖြစ် တာဝန်ယူခဲ့သူ ဩစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တားနဲလ် ကို စွဲထားတဲ့အမှုနှစ်ခုထဲက မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်ဥပဒေပုဒ်မ - ၃ (၁) (ဂ) အမှုနဲ့ပတ်သက်လို့ ဒီနေ့မှာ စစ်ဆေးရမယ့် တရားလိုပြသက်သေ မလာတဲ့အတွက် နောက်တစ်ပတ် လာမယ့် ဒီဇင်ဘာလ ၁၆ ရက်နေ့ကို ရွှေ့ဆိုင်းလိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက RFA ကို ပြောပါတယ်။
မစ္စတာ ရှောင်တားနဲလ်ရဲ့ ကွန်ပျူတာနဲ့ စာရွက်စာတမ်းတွေမှာ တွေ့ရှိချက်တွေအရ ဒီအမှုမှာ သူနဲ့အတူ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ NLD အစိုးရ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း၊ စီမံဘဏ္ဍာနဲ့ စက်မှု ဒုဝန်ကြီး ဦးဆက်အောင်၊ စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်း တို့ကိုပါ စစ်ကောင်စီဘက်က တရားစွဲ ထားပြီး နေပြည်တော်ကအထူးတရားရုံးမှာ လူကိုယ်တိုင် ရုံးထုတ်ခဲ့တာပါ။
မစ္စတာ ရှောင်တားနဲလ်ဟာ အစိုးရလျှို့ဝှက်ချက်များ ဥပဒေပုဒ်မ - ၃ (၁) (ဂ) အပြင် လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့ပါ တရားစွဲခံထားရတာဖြစ်ပါတယ်။
အဲဒီအမှုနှစ်ခုစလုံးကို နေပြည်တော် အထူးတရားရုံးမှာ တပြိုင်တည်း စစ်ဆေးနေတာဖြစ်ပြီး မစ္စတာ ရှောင်တားနဲလ် တစ်ဦးတည်းကိုစွဲထားတဲ့ လူဝင်မှုကြီးကြပ်ရေးအမှုကတော့ ဒီနေ့မှာ တရားလိုပြ သက်သေ တစ်ဦးကို စစ်ဆေးခဲ့တယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်ဥပဒေ ပုဒ်မ - ၃ (၁)(ဂ) ဟာ အမြင့်ဆုံး ထောင်ဒဏ် ၁၄ နှစ်ထိ ချမှတ် နိုင်တဲ့ပုဒ်မတစ်ခုလည်းဖြစ်ပါတယ်။
အမှုနှစ်ခုလုံးအတွက် နောက်တစ်ပတ် ကြာသပတေးနေ့ ဒီဇင်ဘာ ၁၆ ရက်နေ့ကို ပြန်လည်ချိန်းဆိုထားပြီး ဒီနေ့ ရုံးထုတ်ခဲ့တဲ့ ငါးဦးစလုံး ကျန်းမာရေး ကောင်းမွန်နေတယ်လို့ ဆိုပါတယ်။
မစ္စတာ ရှောင်တားနဲလ်ဟာ NLD အစိုးရလက်ထက် စီးပွားရေးအကြံပေးအဖြစ် ၂၀၁၇ ခုနှစ်ကတည်းက စတင်လုပ်ကိုင်ခဲ့ပြီး စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ပထမဆုံးထိန်းသိမ်းခံရတဲ့ NLD အစိုးရနဲ့ နီးစပ်တဲ့ နိုင်ငံခြားသားတစ်ဦးဖြစ်ပါတယ်။