တရုတ်သံရုံးရှေ့ ဆန္ဒပြမှုကြောင့် ဖမ်းဆီးတရားစွဲခံရသူတွေ အာမခံငြင်းပယ်ခံရ
2015.01.27

ဒီဇင်ဘာလ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ လက်ပံတောင်းပဋိပက္ခနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ တရုတ်သံရုံးရှေ့မှာ ဆန္ဒပြခဲ့တာကြောင့် တရားစွဲခံထားရသူ ၆ ဦးဟာ ဒဂုံမြို့နယ်တရားရုံးမှာ ဒီနေ့ အာမခံလျှောက်ထားရာ ပယ်ချခံလိုက်ရပါတယ်။
အာမခံပယ်ချခံရတဲ့အတွက် တရားရုံးရှေ့မှာ ဆန္ဒပြကြတယ်လို့ တရားစွဲခံထားရသူ နော်အုန်းလှ က ပြောပါတယ်။
"ကျမတို့ ပထမတစ်ပတ်ကလည်း အာမခံလျှောက်တယ်ပေါ့နော်၊ အခုပြီးခဲ့တဲ့တစ်ပတ်က လျှောက်ခဲ့တာကို အခုဒီအပတ်မှာပယ်ချတယ်၊ အာမခံမပေးဘူးပေ့ါနော်၊ ကျမတို့ဒီနေ့တရားရုံးမှာ အစာအငတ်ခံဆန္ဒပြတယ်"
ဒီဇင်ဘာလ ၂၂ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီး လိပ်ခွံတောင်ခြေမှာ ခြံစည်းရိုးဝင်ခတ်တဲ့ ဝမ်ပေါင်ကုမ္ပဏီဝန်ထမ်းတွေ၊ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတောင်သူတွေ ပဋိပက္ခဖြစ်ပွားရာ တောင် သူဒေါ်ခင်ဝင်း သေဆုံးခဲ့ပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် တောင်သူ ဒေါ်ခင်ဝင်း သေဆုံးခဲ့တာကို စုံစမ်းဖော်ထုတ်အရေးယူပေးဖို့ ဒီဇင်ဘာလ ၂၉ ရက်နေ့က တရုတ်သံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
အဲဒီဆန္ဒပြသူတွေထဲက ဗိုလ်ကြီးဟောင်းနေမျိုးဇင်၊ နော်အုန်းလှ၊ ဒေါ်စန်းစန်းဝင်း၊ ကိုတင်ထွဋ်ပိုင်၊ ကိုသန်းဆွေနဲ့ ဒေါ်စိန်ထွေးတို့ကို နိုင်ငံတောင် အကြည်ညိုပျက်စေမှု၊ တရားမဝင် စီတန်းလှည့်လည်မှုပုဒ်မတွေနဲ့ တရားစွဲဆိုထားတာဖြစ်ပြီး အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးထားတာဖြစ်ပါတယ်။