ရခိုင်ဝန်ကြီးချုပ် ဦးညီပုကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ်နှစ်နှစ် ချမှတ်
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုအပေါ် စစ်ကောင်စီက စွဲဆိုထားတဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (ခ) အမှုအတွက် စစ်တွေမြို့နယ်တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ်နှစ်နှစ် ချမှတ် လိုက်ပါတယ်။
အောက်တိုဘာ ၈ ရက် ဒီနေ့မှာ ဗီဒီယိုရုပ်သံစနစ်နဲ့ ရုံးထုတ်ပြီး တရားရုံးက အမိန့်ချမှတ်လိုက်တာလို့ ဦးညီပုရဲ့ရှေ့နေ ဦးမျိုးမြတ်ဟိန်း က RFA ကို ပြောပါတယ်။
“ဟုတ်ပါတယ်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို ဒီကနေ့မှာ စစ်တွေမြို့နယ်တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ်နှစ်ချလိုက်ပါတယ်၊ ကျနော့အနေနဲ့ ဒီနေ့မှာ ဦးညီပုနဲ့ စကားပြောဆိုခဲ့ခြင်း မရှိခဲ့တာကြောင့် ဒီအမှုကို အယူခံတက်ဖို့ မတက်ဖို့ ကျနော် မပြောနိုင်သေးဘူး” လို့ ရှေ့နေ ဦးမျိုးမြတ်ဟိန်း က ဆိုပါတယ်။
လာမယ့် အောက်တိုဘာလ ၁၃ ရက်နေ့ စစ်တွေအကျဉ်းထောင်ထဲက အထူးတရားရုံးမှာ ရုံးထုတ်မယ့် အဂတိလိုက်စားမှုတိုက်ဖျတ်ရေးအမှု ရုံးချိန်းနေ့မှာ ဦးညီပုနဲ့ စကားပြောခွင့်ရရင်တော့ အယူခံတက်မလား မတက်ဘူးလားသိရမယ်လို့ ဦးမျိုးမြတ်ဟိန်းက ပြောပါတယ်။
ဦးညီပုဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းလိုက်ချိန်ကတည်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။
အာဏာသိမ်းပြီး ၁၃ ရက်အကြာ NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်တဲ့ ကြေညာချက်နဲ့ ပက်သတ်ပြီး စစ်တပ်က ဦးညီပုကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲခဲ့တာဖြစ်ပါတယ်။
နောက်ထပ်တစ်မှုကတော့ အစိုးရဘဏ္ဍာငွေကို ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနဲ့မညီ သုံးစွဲခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သြဂုတ်လ ၁၃ ရက်နေ့မှာ စစ်ကောင်စီက အဂတိတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ပါ တရားစွဲဆိုထားပါတယ်။