ထားဝယ်မှာ ဆန္ဒပြကျောင်းသား ၅ ဦးကို ပြစ်ဒဏ်တွေ ချမှတ်
2015.07.08

ထားဝယ်ခရိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ကိုမင်းလွင်ဦးနဲ့ ကျောင်းသား ၄ ယောက်ကို တရားမဝင်စီတန်း လှည့်လည်မှုဆိုင်ရာ ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၁ လ သို့မဟုတ် ဒဏ်ငွေ ကျပ် ၃ သောင်း ပေးဆောင်ဖို့ ထားဝယ်မြို့နယ် တရားရုံးက ဒီနေ့ အမိန့်ချမှတ်လိုက်ပါတယ်။
ဒဏ်ငွေ ကျပ် ၃ သောင်းကို ပေးဆောင်ခဲ့တယ်လို့ ထားဝယ်ခရိုင် တကသအဖဲ့ွဝင် ကိုမင်းလွင်ဦးက ပြောပါတယ်။
"ဒဏ်ငွေ ၃ သောင်းကိုရွေးလိုက်တယ်ဗျ၊ ရွေးလိုက်တယ်ဆိုတာက လက်ရှိ နိုင်ငံရေး အနေအထားက ပြုပြင်ပြောင်း လဲရမယ်ဆိုတဲ့ ရည်ရွယ်ချက် တော်တော်ကြီး အရေးကြီး တယ်လို့ ယူဆတယ်၊ အခုအခြေအနေကလည်း ကျောင်း သားခေါင်းဆောင်တော်တော် များများကို ဖမ်းဆီးထားတယ်၊ ရှိနေတဲ့အင်အားတွေဆုံးရှုံး ထားတဲ့အချိန်မှာ ကျနော်တို့ အနေနဲ့ လုံးဝထောင်ထဲကိုသွားလို့ မဖြစ်သေးဘူး၊ ဒါကြောင့် ဒဏ်ငွေကို ကျနော်တို့ ရွေးလိုက်တာပါ"
ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့က ထားဝယ်ခရိုင် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင် ကျောင်းသား ၂ဝ ကျော်ဟာ အမျိုးသားပညာရေးဥပဒေ ကို ပြင်ဆင်ပေးဖို့နဲ့ လက်ပံတန်းမြို့မှာ ကျောင်းသားသပိတ် အကြမ်း ဖက်ဖြိုခွင်းခံရတာကို ကန့်ကွက်ကြောင်း ထားဝယ်မြို့ပေါ်မှာ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
အဲဒီဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ ကိုမင်းလွင်ဦး၊ ကိုဇင်မောင်ဖြိုး၊ ကိုသူရနိုင်၊ မယုဝါလွင်နဲ့ ကိုသော်လွင်အောင်တို့ကို ထားဝယ် မြို့နယ်ရဲမှူး ဦးမောင်မောင်က တရားလို လုပ်ပြီး တရားမဝင်စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။