တောင်သူတွေကို ကူညီခဲ့သူ စွဲချက်အသစ်များနဲ့ ရင်ဆိုင်ရ
2014.11.03
မန္တလေးတိုင်း မတ္တရာမြို့နယ်က လယ်သိမ်းခံတောင်သူတွေကို ကူညီတဲ့အတွက် ဆူပူအောင်လှုံ့ဆောင်မှု နဲ့ထောင်ချခံထားရတဲ့ ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်က ကိုအောင်စိုးကို နောက်ထပ်ပုဒ်မတွေနဲ့ မတ္တရာမြို့နယ်တရားရုံးမှာ ဒီနေ့ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
အခုတစ်ကြိမ်မှာတော့ ကိုအောင်စိုးကို ပိုင်နက်ကျူးလွန်မှု၊ အကျိုးစီးပွားဖျက်ဆီးမှုတွေနဲ့ တရားစွဲပြီး ရုံးထုတ်နေတာဖြစ်တယ်လို့ မတ္တရာမြို့နယ်က ကိုကျော်နိုင်က RFA ကိုပြောပါတယ်။
"သပြေသာကျေးရွာကနေမှ စံပြငါးမွေးမြူရေးခြံမှာ ငါးသားပေါက်ကန်တွေ ချိုးဖောက်ခံရမှှုတွေနဲ့ ပတ်သက်ပြီးတော့ အဲ့ဒီကိစ္စကို ပုဒ်မ ၄၄၇ နဲ့ သူတို့ကပြန်ပြီးတေ့ာ တရားစွဲဆိုတာပါ"
အဲ့ဒီ မတ္တရာမြို့နယ်မှာ သမဝါယမအသင်းက ၁၉၈၆ ခုနှစ်ကစလို့ မြေတွေသိမ်းထားပြီး၊ အသိမ်းခံထားရတဲ့ လယ်မြေတွေက ဧက ၆ဝဝ လောက်ရှိတယ်လို ့ဆိုပါတယ်။
အဲ့ဒီမြေတွေပြန်ရဖို့ ကြိုးပမ်းတဲ့အတွက် ဒေသခံလယ်သမားတွေ တော်တော်များများက ပုဒ်မ ၁၈၊ ပုဒ်မ ၅ဝ၅ (ခ) တွေနဲ့ တရားစွဲခံထားရသလို၊ ပုဒ် ၄၄၇/ ၄၂၇ စတဲ့ ကျူးကျော်ဝင်ရောက်မှု၊ အကျိုးစီးပွားဖျက်ဆီးမှုတွေနဲ့လည်း တရားစွဲခံထားရပါတယ်။
ကိုအောင်စိုးက အဲဒီလယ်သမားတွေကို သွားပြီးကူညီပေးခဲ့တဲ့အတွက် မန္တလေးထောင်မှာ ထောင်ဒဏ် သုံးနှစ်ခွဲ ကျခံနေရပြီး၊ နောက်ထပ်အမှုတွေ ရင်ဆိုင်နေရတာဖြစ်ပါတယ်။