ပါမောက္ခ ရှောင်တားနဲလ်အမှု နိုဝင်ဘာ ၂၅ ရက်နေ့ စတင်ကြားနာမည်

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး ဩစတြေးလျနိုင်ငံသား ပါမောက္ခ ရှောင်တားနဲလ်ရဲ့ မြန်မာနိုင်ငံလျှို့ဝှက်ချက်အမှုကို လာမယ့် နိုဝင်ဘာလ ၂၅ ရက်နေ့မှာ နေပြည်တော်က ဇမ္ဗူသီရိမြို့နယ်တရားရုံးမှာ စတင်ကြားနာစစ်ဆေးသွားမယ်လို့ ရှေ့အသိုင်းအဝိုင်းက RFA ကို ပြောပါတယ်။
ပါမောက္ခ ရှောင်တားနဲလ်ဟာ ဒေါ်အောင်ဆန်းစုကြည်က သူ့ကို တိုင်းပြည်ရဲ့ဘဏ္ဍာရေးဆိုင်ရာ လျှို့ဝှက်ချက် တွေကို ပြောခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မြန်မာနိုင်ငံလျှို့ဝှက်ချက်ဥပဒေ ပုဒ်မ - ၃ (၁)(ဂ) အပြင် အာဏာသိမ်းပြီးနောက် ထွက်ပြေးဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ပါ တရားစွဲဆိုခံထားရတာပါ။
အဲဒီအထဲက မြန်မာနိုင်ငံလျှို့ဝှက်ချက်အမှုအတွက် နေပြည်တော်မှာ ဒီနေ့ရုံးထုတ်ခဲ့တာဖြစ်ပြီး ရှေ့နေတွေနဲ့ အမှုအကြောင်း ဆွေးနွေးခွင့်ရခဲ့တယ်လို့လည်း ရှေ့နေတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒီအမှုမှာ ပါမောက္ခ ရှောင်တားနဲလ်နဲ့အတူ ဒေါ်အောင်ဆန်းစုကြည်၊ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း၊ စီမံဘဏ္ဍာ စက်မှု ဒုဝန်ကြီး ဦးဆက်အောင်နဲ့ စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်း တို့ပါ ပူးတွဲစွဲဆိုခံထားရတာဖြစ်ပြီး ဒီနေ့ရှေ့နေတွေနဲ့တွေ့ဆုံချိန်မှာ အမှုကိစ္စကို ဒေါ်အောင်ဆန်းစုကြည်ကပဲ ဦးဆောင်ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ငါးဦးစလုံးဟာ ကျန်းမာရေးကောင်းမွန်ကြတယ်လို့လည်း ပြောပါတယ်။
စစ်ကောင်စီကစွဲဆိုထားတဲ့ မြန်မာနိုင်ငံလျှို့ဝှက်ချက်ဥပဒေ ပုဒ်မ - ၃ (၁)(ဂ) ဟာ အမြင့်ဆုံးထောင်ဒဏ် ၁၄ နှစ်ထိ ချမှတ်နိုင်တဲ့ ပုဒ်မတစ်ခုလည်းဖြစ်ပါတယ်။