ကူးစက်ရောဂါထိန်းချုပ်ရေး ပိုမိုလုပ်ကိုင်ဖို့ အစိုးရကို တိုက်တွန်း

ဖြူဖြူခိုင်
2020.04.24

ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ တိုးလာပြီး ကူးစက်မှု ပိုများလာနိုင်တဲ့ အလားအလာ ရှိနေတာကြောင့် ဒေသန္တရ အမိန့်တွေ၊ ညွှန်ကြားချက်တွေနဲ့ တင်းတင်းကြပ်ကြပ် ထိန်းချုပ်ဖို့ လိုအပ်တယ်လို့ အစိုးရကို  တိုက်တွန်းနေကြ ပါတယ်။ အလုပ်ဝင်နေကြသူတွေကလည်း ကူးစက်ရောဂါ ကာကွယ်ရေး အစီအမံတွေ လုပ်ငန်းခွင်မှာရှိစေရေး ဆောင်ရွက်ပေးစေလိုတယ်လို့ ထောက်ပြကြပါတယ်။

အရင်ရက်တွေမှာ ထိန်းချုပ်မှု အခြေအနေကောင်းနေပေမယ့် အခုရက်ပိုင်းအတွင်း လူသွားလူလာ ပြန်များလာ တာကြောင့်  ရောဂါထိန်းချုပ်နိုင်မှု ခက်ခဲသွားနိုင်တယ်လို့  လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ (ရန်ကုန်) ရဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက ထောက်ပြပါတယ်။

“အခုဆိုရင် တစ်ရက်တစ်ရက်ကို ဆက်စပ်လူနာသံသယလူနာ ပို့နေရတဲ့ လမ်းကြောင်းတွေ တအားများ ပါတယ်။ ကွာရတင်းစင်တာတွေမှာလည် တော်တော်ပြည့်နေပြီ။ တိုးတက်တဲ့ နိုင်ငံကြီးတွေတောင်မှ တစ်ရက်တစ်ရက်ကို သောင်းချီသိန်းချီ ကူးနေတာရှိတယ်။ ဒီလိုဖြစ်မယ့် ကိစ္စကျမှ မနိုင်မနင်း လုပ်မယ့်အစား နည်းနည်းကြိုပြီးတော့ တစ်လ၊ နှစ်လလောက် ကြပ်ကြပ်မတ်မတ် လုပ်စေချင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဆီမှာ ပြည့်စုံတဲ့ ဆေးကုသမှုအတွက် ပစ္စည်းကိရိယာ လုံလောက်မှု မရှိပါဘူး“

သင်္ကြန်ရုံးပိတ်ရက်ကာလ ဧပြီ ၁၀ ရက်ကနေ ၁၉ ရက်နေ့အပြီး ဧပြီ ၂၀ ရက်ကစလို့ ရန်ကုန်မြို့တွင်းမှာ လူအသွားအလာတွေ တဖြည်းဖြည်းများလာပြီး ဈေးဆိုင်တွေလည်း ပြန်ဖွင့်လာကြပါပြီ။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို မေလ ၁၅ ရက်လောက်အထိ တင်းတင်းကြပ်ကြပ် ထိန်းချုပ်နိုင်မယ်ဆိုရင် ပိုးကူးစက်မှုနှုန်း ကျဆင်းသွားနိုင်တာကြောင့် ဒီကာလအတွင်း ပြည်သူတွေ စားဝတ်နေရေးအတွက် အစိုးရက စနစ်တကျ ဆောင်ရွက်ပေးသင့်တယ်လို့ ဦးထွန်းထွန်းဦးက ဆိုပါတယ်။ ပြီးခဲ့တဲ့ သင်္ကြန်ကာလအတွင်း နေအိမ်တွေမှာပဲ နေကြရမယ်ဆိုတဲ့ ညွှန်ကြားချက်နဲ့အတူ ပုံမှန်ဝင်ငွေ မရှိသူတွေအတွက်ဆိုပြီး အစိုးရက ထောက်ပံ့ကူညီခဲ့ပါတယ်။

လူစုလူဝေးတားမြစ်မိန့်နဲ့ ညွှန်ကြားချက်တွေရဲ့ သက်တမ်းကို မေလ ၁၅ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်မယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က သူ့ရဲ့ဖေ့စ်ဘွတ်အကောင့်မှာ ဖော်ပြခဲ့ပေမယ့် ပြည်သူတွေ စားဝတ်နေရေးအတွက် ဘယ်လိုထောက်ပံ့မယ်ဆိုတာကိုတော့ ပြောထားတာ မတေ့ွရပါဘူး။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့တာ ပြီးခဲ့တဲ့ ဧပြီ ၂၃ ဆို တစ်လပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ အခုဆိုရင် ပိုးတွေ့လူနာအရေအတွက်လည်း တဖြည်းဖြည်း မြင့်တက်နေပါတယ်။

လူအများနဲ့ ထိတွေ့မှုကို ရှောင်ရှားနိုင်အောင် လူငါးဦးထက် ပိုမစုဖို့၊ မလိုအပ်ဘဲ အပြင်မထွက်ဖို့ အစိုးရက သတိပေးထားပေမယ့် အခြေခံလူတန်းစားတွေအတွက်တော့ စားဝတ်နေရေး ဖြေရှင်းဖို့အတွက် မဖြစ်မနေ အိမ်ပြင်ထွက် အလုပ်လုပ်ရတော့မှာပါ။

တစ်လနီးပါး ဆိုင်ပိတ်ထားခဲ့ရတာဆိုတော့ ဆိုင်ပြန်ဖွင့်ဖို့ အရင်းအနှီးမရှိတော့မှာကို စိုးရိမ်တယ်လို့ ထမင်းကြော်ဆိုင် ဖွင့်ထားတဲ့ မခိုင်သက်စုက ပြောပါတယ်။

“ဆိုင်ကမဖွင့်တာ ၃ လပိုင်းကုန်ခါနီးကတည်းက မဖွင့်တာ အခုအချိန်ထိပဲ။ ပါဆယ်ရောင်းလို့ရတယ် ဆိုတော့ သင်္ကြန်ကာလ မတိုင်ခင်ထိ ပါဆယ်ရောင်းသေးတယ်။ ဒါပေမဲ့ သိပ်အဆင်မပြေဘူး။ အဲကတည်းက ပိတ်လိုက်တာ ဒီနေ့အထိပဲ။ စားဖို့၊ သောက်ဖို့ကိုတော့ အရင်က ရှာထားတာတွေနဲ့ ခြိုးခြံစားနေရတယ်။ လက်ထဲကငွေကုန်သွားရင်တော့ အရင်းအနှီးတောင် မရှိတော့မှာကို ကြောက်တယ်“

ပြန်ကြားရေး ဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ ပုံနှိပ်ရေးနဲ့ ထုတ်ဝေရေးလုပ်ငန်းက စက်ရုံတချို့မှာ ဝန်ထမ်းတွေဟာ နေ့စဉ်အလုပ်ဆင်းနေရတဲ့အပြင် အချိန်ပိုပါ လုပ်ကိုင်နေရတာပါ။ ဒီဝန်ထမ်းတွေအတွက် ရောဂါကာကွယ်မှု အစီအမံတွေ ရှိသင့်တယ်လို့ အမည်မဖော်လိုတဲ့ ဝန်ထမ်း တစ်ယောက်က ပြောပါတယ်။

“အစ်မတို့က ဝန်ထမ်းလိုင်းခန်းမှာ နေရတယ်။ ရုံးက အောင်ဆန်းမှာ၊ အင်းစိန်ကနေပြီး အောင်ဆန်းကို လိုင်း ကားစီးပြီးတော့ လာရတယ်။ ပိုးက ပြန့်နေတဲ့အတွက် လိုင်းကားပေါ်မှာပါလား မပါလား ဆိုတာ အစ်မတို့ မသိဘူး။ အစ်မတို့လည်း နားချင်တာပေါ့။ ရုံးက ပုံမှန်ဆင်းရတဲ့အပြင် အခုအချိန်ပိုပါ ဆင်းနေရတယ်။ အစ်မတို့ရုံးမှာ လောလောဆယ် သူတို့ဘက်က ဆောင်ရွက်ပေးထားတာ ဘာမှမရှိပါဘူး။ စက်ရုံမှာဆို စာတွေပဲ ကပ်ထားတယ်။ သုံးပေအကွာတွေ၊ လက်ဆေးပါတွေ၊ ဒါပေမဲ့ လက်ဆေးဖို့တော့ ဘေစင်လေးနဲ့ ဆပ်ပြာ လေးတော့ လုပ်ပေးထားတယ်။ လုပ်ငန်းခွင်မှာ အလုပ်လုပ်တာကတော့ ပူးပူးကပ်ကပ်ကြီးပဲ“

ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ သတင်းတွေအရ ရန်ကုန်တိုင်းအတွင်း မြို့နယ် ၄၄ မြို့နယ်ထဲက၂၂ မြို့နယ်မှာ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာတွေကို တွေ့နေပါတယ်။ ရန်ကုန်မြို့တွင်း ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာတွေရဲ့ ထက်ဝက်နီးပါးဟာ စကာၤပူက ပြန်လာတဲ့ လူနာအမှတ် ၂၄ နဲ့ ဆက်စက်ပြီး ကူးစက်ခံခဲ့ရသူတွေဖြစ်ပါတယ်။

ပိုးတွေ့လူနာ အများစုရှိတဲ့ မြို့နယ် ခုနှစ်မြို့နယ်ကို အိမ်မှာပဲနေကြဖို့ stay home ကာလကို ထပ်မံတိုးမြှင့် လိုက်တယ်လို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဒီ ခုနှစ်မြို့နယ်ထဲမှာ ပါဝင်တဲ့ အင်းစိန်မြို့နယ်မှာတော့ ရောဂါပြန့်ပွားမှု မရှိအောင် တင်းတင်းကြပ်ကြပ် ထိန်းချုပ်စစ်ဆေးနေတယ်လို့  အင်းစိန်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောပါတယ်။

“အင်းစိန်ကတော့ ပုံမှန်အတိုင်းပဲ တချို့လမ်းတွေကို ဧည့်သည်အဝင်အထွက် စစ်ဆေးနေတာတွေ လုပ်နေ တယ်။ ညမထွက်ရအမိန့်တွေလည်း ရှိနေတော့ ကျွန်တော်တို့ လိုက်ပြီးတော့ စစ်ဆေးတာမျိုးတွေ လုပ်နေ တယ်။ စားသောက်ဆိုင်တွေ လက်ဖက်ရည်ဆိုင်တွေလည်း ပါဆယ်စနစ်နဲ့ပဲ ရောင်းချဖို့ သင်္ကြန်မတိုင်ခင် ကတည်းက ထုတ်ထားပြီးသား ရှိပါတယ်။ အဲဒီပုံစံအတိုင်းပဲ လောလောဆယ် ထိန်းချုပ်ထားဖို့ တစ်နေ့ကို ငါးကြိမ်လောက် ရပ်ကွက်ထဲကို လိုက်နှိုးဆော်တာလည်းရှိတယ်“

ရန်ကုန်တိုင်းအစိုးရကတော့ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်တားဆီးနိုင်ရေးအတွက် ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့်ကို နှစ်လ ထပ်မံတိုးမြှင့်ထားပါတယ်။ တခြားတိုင်းနဲ့ ပြည်နယ်အချို့မှာလည်း ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်တားဆီးနိုင်ရေးအတွက် ညမထွက်ရအမိန့်လို ဒေသန္တရအမိန့်၊ ညွှန်ကြားချက်တွေ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။