ရန်ကုန်ဈေးတွေမှာ ကိုရိုနာကာကွယ်ရေးလုပ်ဆောင်

အောင်သိင်္ခ
2020.03.21

ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ရေးအတွက် အသိပညာပေးလှုပ်ရှားမှုနဲ့ ဆေးဖျန်းတာတွေကို ဒီနေ့ ရန်ကုန်မြို့ ပုဇွန်တောင်ဈေးမှာ ဒီနေ့ဆောင်ရွက်ခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး အသိပညာပေး လှုပ်ရှားမှုနဲ့ ဆေးဖျန်းတာတွေကို ပုဇွန်တောင်မြို့နယ် စည်ပင် သာယာရေး ကော်မတီနဲ့ We Love Yangon အဖွဲ့တို့ပူးပေါင်းပြီး ရန်ကုန်မြို့က ပုဇွန်တောင်ဈေးမှာ ဒီနေ့ စပြီးဆောင်ရွက်ခဲ့တာပါ။

မနက်ပိုင်းမှာတော့ ဈေးကိုလာတဲ့သူတွေကို လက်ဆေးနိုင်ဖို့ လက်ဆေးစင်တွေ ထားရှိပေးတာ၊ လက်သန့်ဆေး တွေ ဝေတာ၊ အသိပညာပေး စာရွက်တွေဝေတာ အပါအဝင် အသိပညာပေး ပြောဆိုတာတွေကို ဆောင်ရွက်ခဲ့ ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပိုးသတ်ဆေးဖျန်းတဲ့ လုပ်ငန်းစဉ်ကို လုပ်ဆောင်တာဖြစ်တယ်လို့ ပုဇွန်တောင်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်မြတ်သူက ပြောပါတယ်။

ပုဇွန်တောင်ဈေးမှာ လစဉ် နှစ်ကြိမ်ကနေ သုံးကြိမ်ဆေးဖျန်းနေတာဖြစ်ပြီး မနက်ကနေ ညနေအထိ ဈေးဆိုင်တွေ ရှိနေသေးတဲ့အတွက် ကလိုရင်းဖျန်းဖို့ အဆင်မပြေဘူးလို့ ပုဇွန်တောင်ဈေး တာဝန်ခံ ဦးမင်းအောင်က ပြောပါ တယ်။

ပိုးသတ်ဆေးဖျန်းတဲ့အပေါ် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက အခုလို ပြောပါတယ်။

ဈေးမှာ အသိပညာပေးလုပ်ငန်းကို We Love Yangon အဖွဲ့နဲ့အတူ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနက ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်။

လာမယ့် မတ်လ ၂၅ ရက်နေ့မှာလည်း ကိုရိုနာဗိုင်းရပ်စ် အသိပညာပေး လုပ်ငန်းတွေကို အဖွဲ့ လေးဖွဲ့ခွဲပြီး ဆောင်ရွက်ဖို့ရှိကြောင်း We Love Yangon အဖွဲ့မှာ ရုံးအဖွဲ့မှူး တာဝန်ထမ်းဆောင်နေတဲ့ ကိုကျော်ကျော်သန့်က ပြောပါတယ်။

We Love Yangon အဖွဲ့ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် စာရေးဆရာမ ဒေါ်သန်းမြင့်အောင် က ဦးဆောင်ဖွဲ့စည်းထားတာဖြစ်ပြီး ရန်ကုန်မြို့ခံတွေ၊ ပရဟိတအဖွဲ့တွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဒီအဖွဲ့က စေတနာရှင် အလှူရှင်တွေထည့်ဝင်လှူဒါန်းငွေတွေနဲ့ အသိပညာပေး လုပ်ငန်းတွေကို ဆောင်ရွက်နေတာပါ။

ရန်ကုန်မြို့ပတ် ရထားတွေကိုလည်း ဒီနေ့ ပိုးသတ်ဆေးဖျန်းခဲ့တာ တွေ့ရပါတယ်။

တရုတ်နိုင်ငံ ဝူဟန်ကနေ စတင်ပျံ့နှံ့ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရသူ မြန်မာနိုင်ငံမှာ တစ်ယောက်မှ မရှိသေးပေမယ့် စောင့်ကြည့်လူနာတွေကတော့ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။