၀င်ငွေနည်းပါးသူတို့ကို ထောက်ပံ့မှု မြို့ကြီးတချို့မှာစတင်
2020.04.10
အစားအသောက်နဲ့ ဆေးဝါးဝယ်ယူတာကလွဲပြီး အသွားအလာကန့်သတ်လိုက်တဲ့ ဧပြီ ၁၀ ရက်ကနေ ၁၉ ရက်နေ့ အတွင်း ပုံမှန်ဝင်ငွေမရှိသူတွေအတွက် အခြေခံစားသောက်ကုန်တချို့ကို အစိုးရက ထောက်ပံ့ပေးနေပါတယ်။
နေပြည်တော်ကောင်စီ နယ်မြေအတွင်း မြို့နယ် ၈ မြို့နယ်က ပုံမှန်ဝင်ငွေမရှိတဲ့ လူဦးရေ တစ်သိန်းခွဲလောက်ကို အခြေခံစားသောက်ကုန် ငါးမျိုး ထောက်ပံ့ဝေငှပေးတာလို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်က ပြောပါတယ်။
“တစ်ယောက်ကို နေပြည်တော်တွက်တာတော့ ငွေပမာဏ တစ်သောင်းခွဲလောက် ကျပါတယ်။ လူဦးရေက ကျတော်တို့တွက်ထားတာ တစ်သိန်းခွဲပေါ့နော်။ တစ်သိန်းခွဲ ပါးပါးလေး တစ်ရာလောက်ပဲ လျော့ပါတယ်။ တခြားတိုင်းနဲ့ ပြည်နယ်တွေရော စာရင်းပို့ကြတယ်။ ဒီစာရင်းက တိတိကျကျ အုပ်ချုပ်ရေးမှူးတွေနဲ့ တွက်ထားတာဖြစ်တဲ့အတွက် အမှန်အကန်ပါပဲ။ အခြေခံပစ္စည်း ငါးမျိုးတွက်လိုက်တဲ့အခါ တစ်သောင်းခွဲ နှုန်းလောက် ကျပါတယ်။ ကျတော်တို့ ကာလဒေသ ပေါက်ဈေးနဲ့ပေါ့။ အကုန်ဖြစ်အောင် ပေးမှာပါ။ နိုင်ငံတော်ရဲ့ အစီအမံအတိုင်း ဆောင်ရွက်ပေးဖို့ တာဝန်ရှိပါတယ်”
နေပြည်တော်ကောင်စီ ၈ မြို့နယ်မှာ ပျဉ်းမနားမြို့နယ်နဲ့ ကျေးရွာတွေအတွက် ဒီနေ့ ပထမဆုံး ပေးအပ်လှူဒါန်း တာလို့ ဒေါက်တာ မျိုးအောင်က ပျဉ်းမနားမြို့ စုပေါင်းရုံးမှာ ကျင်းပတဲ့ အခမ်းအနားမှာ ပြောပါတယ်။
နေပြည်တော်ကောင်စီနယ်မြေမှာ လူဦးရေ တစ်သန်းကျော်၊ အိမ်ထောင်စုပေါင်း သုံးသိန်းခန့် ရှိပါတယ်။
တစ်ဦးကို ဆန် ရှစ်ပြည်၊ ဆီ ၅၀ သား၊ ဆား ၅၀ သား၊ ပဲတစ်ပိဿာ၊ ကြက်သွန် တစ်ပိဿာကို လူစုလူဝေးမဖြစ် အောင် ရပ်ကွက်တာဝန်ရှိသူတွေက အိမ်တစ်အိမ်ချင်းစီ လိုက်ဝေခဲ့တာပါ။
ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို ကာကွယ်နိုင်ဖို့ ဧပြီလအတွင်း သင်္ကြန်ကာလမတိုင်ခင်နဲ့ သင်္ကြန်ကာလအတွင်း မလိုအပ်ဘဲ အိမ်ပြင်မထွက်ဖို့ တိုင်းနဲ့ ပြည်နယ်အစိုးရတွေက ကြေညာထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်မှာလည်း ကောက်ယူထားတဲ့စာရင်းအရ အိမ်ထောင်စုငါးထောင် ရှစ်ရာခြောက် အိမ်ထောင်စုရှိပြီး အဲဒီထဲက တချို့အိမ်တွေကို ဒီကနေ့ စတင်ထောက်ပံ့ပေးနေပါတယ်။
လားရှိုးခရိုင်တစ်ခုလုံးမှာဆိုရင် ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားဦးရေ တစ်သောင်း ကျော်လောက်အထိ ရှိတယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ဒုပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူဇော်က မြို့နယ်အလိုက် ပြည်သူတွေ အချင်းချင်း ကူညီတဲ့ပုံစံမျိုး ဖြစ်လာအောင် ဆောင်ရွက်နိုင်ဖို့ ညှိနှိုင်းနေတယ်လို့ ဒီကနေ့မနက်မှာ ပြောပါတယ်။
အမှန်တကယ် ပုံမှန်ဝင်ငွေမရှိသူတွေ စာရင်းထဲကျန်ခဲ့သူတွေအတွက်ကိုတော့ ညွှန်ကြားမှုတွေရှိလာရင် ဆက်လက်ကူညီပေးမှာဖြစ်သလို ဝေးလံတဲ့ဒေသ ပုံမှန်ဝင်ငွေမရှိတဲ့သူတွေ ထောက်ပံ့မှုရနိုင်ရေးကို သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးတွေကနေတဆင့် ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
ဒီအတောအတွင်း လုပ်ငန်းရှင် ကုန်သည်တချို့က ထောက်ပံ့တာတွေရှိသလို၊ အခြေခံ စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတချို့ကို ဈေးသက်သက်သာသာနဲ့ ရောင်းချတဲ့ အစီအစဉ်တွေလည်း တေ့ွရပါတယ်။
နေပြည်တော်က စိုးလျှပ်စစ် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးကျော်မင်းထွန်းက ပျဉ်းမနားမြို့ ကံဦးရပ်ကွက်အတွင်း ပုံမှန်ဝင်ငွေမရှိတဲ့ အိမ်ထောင်စု ၈၀၀ ကျော်ကို စားသောက်ကုန် ငါးမျိုး ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ ပြောပါတယ်။
“နေပြည်တော်တိုင်းကလည်း အခြေခံ လူတန်းစားတွေကို ပံ့ပိုးဖို့ စာရင်းကောက်ထားတာရှိတယ်လို့ သိရပါတယ်။ အဲဒီမှာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌရဲ့ လမ်းညွှန်မှုနဲ့အတူ အခုလက်ရှိ ကျတော်ဝေမယ်ဆိုတဲ့ အိမ်ထောင်စု နှစ်ထောင်ပေါ့နော်။ နှစ်ထောင်ကို ကံဦး၊ ဘောဂသီရိ၊ ဘောဂဝတီရပ်ကွက်ပေါ့၊ အဲလိုပဲ နောက်ထပ် တောင်ပေါ်ဒေသက သုံးခု၊ ရပ်ရွာ နှစ်ခုပေါ့ ၊ အခုလောလာဆယ်တော့ ခြောက်ခု သို့မဟုတ် ခုနှစ်ခုကို စဝေမှာဖြစ်ပါတယ်”
ကံဦးရပ်ကွက်မှာနေထိုင်တဲ့ ဒေါ်သန်းသန်းဌေးက အခုလို ထောက်ပံ့ကူညီတာကို ကျေးဇူးတင်တယ်လို့ ပြောပါတယ်။
“အတိုင်းအတာမသိ ဝမ်းသာပါတယ်။ ငွေရေး၊ ကြေးရေးက ဝင်ငွေမရှိတဲ့အတွက် စားဝတ်နေရေးပါ အဆင်မပြေဖြစ်ပါတယ်”
ရှမ်းပြည်မြောက်ပိုင်း ကုန်သည် စက်မှုလုပ်ငန်းရှင်များအသင်း၊ မြို့မဈေးကော်မတီနဲ့ ပရဟိတ အဖွဲ့တွေကလည်း စုပေါင်းပြီး မြို့ပေါ်ရပ်ကွက်တွေမှာ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ အာလူး၊ ကြက်ဥ၊ ငါးသေတ္တာ၊ ငပိဗူး၊ ဆပ်ပြာမှုန့် စတဲ့ အခြေခံစားသောက်ကုန် ကိုးမျိုးကို ငွေကျပ် သုံးထောင်ငါးရာနဲ့ လိုက်လံ ရောင်းချပေးနေပါတယ်။
ဈေးလျှော့ပြီး ရောင်းပေးနေတာလို့ ကုန်သည်စက်မှုအသင်းက ဆန်ကုန်သည် ဦးညွှန့်လွင်က ပြောပါတယ်။
ဒီကနေ့နဲ့ မနက်ဖြန်မှာ ရပ်ကွက်အချို့မှာ လိုက်လံရောင်းချမှာဖြစ်ပြီး ကျန်တဲ့ရပ်ကွက်တွေကို သင်္ကြန်အပြီးမှာ လိုက်လံရောင်းချမှာဖြစ်တယ်လို့ ဆိုပါတယ်။
အစိုးရက ထောက်ပံ့တဲ့အခါ မလိုအပ်တဲ့ လေလွင့်မှုတွေ၊ ကြန့်ကြာမှုတွေနဲ့ အဂတိ လိုက်စားမှုတွေ မရှိအောင် အရပ်ဖက် အဖွဲ့အစည်းတွေ၊ ပရဟိတလူငယ်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
နေပြည်တော် ပျဉ်းမနားမြို့ ကံဦးရပ်ကွက် ရာအိမ်မှူး ဦးချစ်ကိုက ပုံမှန်ဝင်ငွေရှိမရှိတဲ့သူတွေကို ဦးစားပေးထောက်ပံ့တာလို့ ပြောပါတယ်။
“တောင်သူ မပါဘူး။ ပင်စင်စား မပါဘူး။ ဝန်ထမ်းတွေ မပါဘူး။ ကုမ္ပဏီမှာ လုပ်တဲ့သူတွေ မပါဘူး။ တချို့ နှစ်အိမ် သုံးအိမ်လောက်တော့ ကျန်မယ်နဲ့တူတယ်ဗျ ကျတော်တို့ အပိုင်းမှာ ဆိုရင်တော့။ လူမရှိတော့ နာမည်ကျန်နေခဲ့တာတွေပေါ့။ နာမည် မသိဘူး ကျတော်တို့က”
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးက ဒီဧပြီလဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမူ အခြေအနေကို အဆုံးအဖြတ် ပေးနိုင်တဲ့ ကာလဖြစ်လို့ အားလုံးစည်းကမ်းလိုက်နာပြီး ပူးပေါင်းဆောင်ရွက်ကြဖို့ ပြောထားတဲ့အတွက် ရပ်ကွက် ကျေးရွာ တာဝန်ရှိသူတွေကလည်း ကြိုးစားပေးကြဖို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်က ဒီနေ့မနက်က တိုက်တွန်းခဲ့ပါတယ်။
နေပြည်တော်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး စောင့်ကြည့်လူနာ တစ်ထောင်ကျော်ရှိပြီး လားရှိုးမှာတော့ နေအိမ်တွေနဲ့ စောင့်ကြည့်စင်တာတွေမှာ စောင့်ကြည့်ခံနေရသူ ၅၀၀ နီးပါး ရှိပါတယ်။