ဒီးမော့ဆိုနဲ့ လွိုင်ကော် စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ကိုဗစ်လူနာ တစ်ရာကျော် တွေ့ရှိ
ကယားပြည်နယ် ဒီးမော့ဆိုနဲ့ လွိုင်ကော်မြို့နယ်ထဲက စစ်ဘေးဒုက္ခသည်စခန်းတွေက စစ်ဘေးဒုက္ခသည် တွေကို ကိုရိုနာဗိုင်းရပ်စ်ပိုးစစ်ဆေးရာမှာ စက်တင်ဘာလ ၁၇ ရက်တစ်နေ့တည်းမှာတင် ၁၀၃ ဦး တွေ့ရ တယ်လို့ ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ ပရဟိတအဖွဲ့တွေဆီကနေ သိရပါတယ်။
လွိုင်ကော်မြို့ နမ့်ကွတ်ရပ်ကွက် မစိုးရိမ်တိုက်သစ် ဘုန်းကြီးကျောင်းက စစ်ဘေးဒုက္ခသည် စခန်းမှာ ၄၉ ဦး ပိုးတွေ့ရတယ်လို့ ရွှေလွိုင်ကော် ပရဟိတအသင်းရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ထုတ်ပြန်ထားပြီး ဒေသခံ တစ်ဦးကလည်း RFA ကို အတည်ပြုပြောပါတယ်။
“ရဟန်းတွေကော ကိုရင်တွေကော စစ်ရှောင်တွေရော စစ်လိုက်တာ အကုန်လုံးပေါင်း ၁၈၀၊ ၁၉၀ လောက်စစ်လိုက်တာ ရဟန်း ၁၃ ပါး စစ်တာက ရဟန်း နှစ်ပါးတွေ့တယ်။ ကိုရင် ၁၀ ပါးစစ်တာ နှစ်ပါး တွေ့တယ်။ လူဦးရေ ၁၇၀ စစ်တာ ၄၅ ဦးတွေ့တယ်လေ၊ အားလုံးပေါင်း စုစုပေါင်း ၄၉ ဦးပေါ့”
အဲဒီစခန်းက စစ်ဘေးဒုက္ခသည်အများစုတို့ဟာ ဒီးမော့ဆိုမြို့နယ် ငွေတောင်ရွာ၊ စံပြ ၆ မိုင်ရွာ၊ ဝမ်း လထွားရွာ၊ ဘက်တလင်ရွာတွေမှာ စစ်ကောင်စီနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲတွေဖြစ်လို့ ရောက်နေ ကြတာလို့ ဆိုပါတယ်။
ဒါ့အပြင် ဒီးမော့ဆိုမြို့နယ်ထဲက စစ်ဘေးဒုက္ခသည်စခန်း ၄ ခုက လူ ၁၂၀ ကျော်ကို စစ်ခဲ့ရာ ၅၄ ဦးက ပိုးတွေ့ တယ်လို့ Covid 19 ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ထုတ်ပြန်ထား ပါတယ်။
အဲဒီစစ်ဘေးဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြသူတွေကို ကျန်းမာရေးပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးနေတဲ့ ပရဟိတလုပ်နေတဲ့ အဖွဲ့တွေက လိုက်လံစစ်ပေးနေကြတာဖြစ်ပါတယ်။
လက်ရှိမှာ ပိုးတွေ့တဲ့စခန်းတွေအားလုံးကို အသွားအလာ ကန့်သတ်ထားတဲ့အတွက် စားနပ်ရိက္ခာတွေ ဆေးဝါးတွေ လိုအပ်နေကြတယ်လို့ ဆိုပါတယ်။
ကယားပြည်နယ်ထဲမှာ ဇွန်လ ၂၉ ရက်နေ့ကနေ စက်တင်ဘာလ ၁၇ ရက်နေ့အထိ ၁၆၆၆၅ ဦးကို ကိုရိုနာ ဗိုင်းရပ် ရှိ၊ မရှိ စစ်ဆေးတဲ့ကိရိယာ RDT Test နဲ့ စစ်ဆေးရာမှာ ပိုးတွေ့သူ ၂၈၅၅ ဦးရှိခဲ့ပြီး သေဆုံး သူ ၁၁၂ ဦးရှိခဲ့တယ်လို့ ပြည်နယ်ကုသရေးနဲ့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဌေးလွှင်ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ဖော်ပြထားချက်အရ သိရပါတယ်။