ကိုဗစ်ကာကွယ်ဆေး မထိုးရင် ဧည့်စာရင်းနဲ့ ထောက်ခံစာ ထုတ်ပေးမှာမဟုတ်

ကိုဗစ်ကာကွယ်ဆေး မထိုးတဲ့သူတွေကို ဧည့်စာရင်းနဲ့ ရပ်ကွက်ထောက်ခံစာတွေ ထုတ်ပေးမှာမဟုတ်ဘူးလို့ မန္တလေးမြို့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးဌာနတွေက လိုက်လံကြေညာနေပါတယ်။
ဒီဇင်ဘာ ၁၂ ရက် ဒီနေ့ မန္တလေးမြို့က ရပ်ကွက်တွေမှာ စစ်သားတွေပါတဲ့ ကားတန်းနဲ့ လိုက်လံကြေညာ နေတယ်လို့ ချမ်းမြသာစည်မြို့နယ်ထဲက ဒေသခံတစ်ဦးက ပြောပါတယ်။
"အရပ်ဝတ်နဲ့ စစ်သားတွေပါတဲ့ ကားတန်းနဲ့ ရပ်ကွက်ထဲလှည့် ကြေညာနေတာ၊ အော်ပြီး ပြေးတာဆိုတော့ သေချာတောင် မကြားရပါဘူး။ ဆေးထိုးထားကြောင်း အထောက်ထားမတွေ့ရရင် ထောက်ခံစာ လာ တောင်းရင်လည်း မပေးဘူးဆိုပြီး အော်သွားတယ်။ ရပ်ကွက်ထဲကတော့ အခုနောက်ပိုင်း သွားထိုးကြတာ များပါတယ်။ ထိုးချင်လို့ ဘယ်မှာထိုးပေးလဲဆိုတာ လိုက်ရှာနေကြရတာ။ သူတို့က အော်ပြီးပြေးတာ ဆိုတော့ သွားထိုးရမယ့် လိပ်စာကိုတောင် သေချာမကြားကြရဘူး"
ကာကွယ်ဆေးထိုးတဲ့နေရာတွေမှာ စစ်ကောင်စီက လုံခြုံရေးပေးတယ်ဆိုပြီး စောင့်ကြည့်နေတာမျိုးတွေ ရှိတယ်လို့လည်း ဆိုပါတယ်။
ခုလိုရပ်ကွက်ထဲ လိုက်လံကြေညာနေတာနဲ့ ပတ်သက်ပြီး အတည်ပြုနိုင်ဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဆီ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့မရသေးသလို စစ်ကောင်စီပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကိုလည်း မေးမြန်းဖို့ ကြိုးစားနေပါတယ်။
ဆေးတစ်လုံး လူငါးယောက် ထိုးနိုင်တဲ့ Sinopharm ဆေးတွေနဲ့ ဆေးတစ်လုံး လူနှစ်ယောက် ထိုးနိုင်တဲ့ Sinovac ဆေးတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေဆီ ပို့ပေးထားတယ်လို့ ဒီဇင်ဘာ ၁၁ ရက်က စစ်ကောင်စီရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
ဒီဇင်ဘာ ၁၁ ရက်နေ့အထိ ကိုဗစ် ၁၉ အတည်ပြုလူနာ ၅၂၆၃၈၁ ဦးရှိခဲ့ပြီး သေဆုံးသူ ၁၉၁၇၇ ဦး ရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။