တနိုင်ငံလုံးက ကျောင်းတွေ ယာယီပိတ်ထားမယ်လို့ စစ်ကောင်စီ ကြေညာ

2021.07.08
တနိုင်ငံလုံးက ကျောင်းတွေ ယာယီပိတ်ထားမယ်လို့ စစ်ကောင်စီ ကြေညာ ၂ဝ၂၁ ခုနှစ် ဇွန်လ ၁ ရက်နေ့က စစ်တွေမြို့မှာ စစ်ကောင်စီက ပြန်ဖွင့်လိုက်တဲ့ ကျောင်းကို တက်ရောက်လာကြတဲ့ ကျောင်းသားများ။
Photo: AFP

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှုတွေ မြင့်တက်နေတာကြောင့် ရောဂါပြန့်ပွားမှု တားဆီးနိုင်အောင် နိုင်ငံတစ်ဝန်းက ကျောင်းတွေကို ယာယီပိတ်ထားမယ်လို့ စစ်ကောင်စီရဲ့ ကိုဗစ်ထိန်းချုပ်ကုသရေး ဗဟိုကော်မတီက ဇူလိုင်လ ၈ ရက်နေ့ညက ကြေညာလိုက်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံတစ်ဝန်းမှာ ဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိကကျောင်းနဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေ အပါအဝင် အခြေခံပညာကျောင်းတွေကို ဇူလိုင်လ ၉ ရက်နေ့ကနေ ဇူလိုင်လ ၂၃ ရက်နေ့အထိ နှစ်ပတ်ကြာ ပိတ်ထားမှာ ဖြစ်ကြောင်း အဲဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ကိုဗစ်ကူးစက်မှုတွေကြားမှာပဲ စစ်ကောင်စီက ဇွန်လ ၁ ရက်နေ့မှာ ကျောင်းတွေ ပြန်ဖွင့်ခဲ့တာပါ။ ကျောင်းတွေ စတက်ရတဲ့ ဇွန်လအတွင်းမှာပဲ စာသင်ကျောင်းတွေကနေ ကိုဗစ်ကူးစက်မှုတွေလည်း တော်တော်များများ ရှိခဲ့တယ်လို့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

နိုင်ငံတွင်းမှာလည်း ကိုဗစ်-၁၉ ကူးစက်သေဆုံးမှုတွေ မြင့်တက်လာနေပြီး မနေ့က တရက်တည်းမှာတင် ကိုဗစ် အတည်ပြုလူနာသစ် ၄၁၃၂ ဦး၊ သေဆုံးသူ ၅၁ ဦး ရှိခဲ့တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မနေ့က သေဆုံးသူ ၅၁ ဦးနဲ့ဆိုရင် ကိုဗစ်ကူးစက်ခံရလို့ သေဆုံးသူ စုစုပေါင်း ၃၆၂၁ ဦး ရှိသွားပြီဖြစ်ပါတယ်။ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်းကတော့ ၁၈,ဝဝ၅၅ ယောက် ရှိသွားပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။