ကိုဗစ်ကြောင့် သေဆုံးသူ တရက်အတွင်း ခြောက်ဆယ်နီးပါးရှိ

2021.07.07
ကိုဗစ်ကြောင့် သေဆုံးသူ တရက်အတွင်း ခြောက်ဆယ်နီးပါးရှိ လားရှိုးမြို့မှာ ဇူလိုင်လ ၇ ရက်နေ့က ကိုဗစ်-၁၉ ကူးစက်ပြီး သေဆုံးသွားသူတဦးကို သဂြိုဟ်ရန် သယ်ဆောင်လာစဉ်။
Photo: RFA

မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှုတွေနဲ့သေဆုံးမှုတွေဟာ တနေ့တခြားမြင့်တက်လာနေပါတယ်။ မနေ့ကတရက်ထဲမှာပဲ သေဆုံးသူ ၅၇ ယောက်ရှိခဲ့တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာပါတယ်။ ဒါဟာ ကိုဗစ်ကြောင့် တရက်အတွင်း သေဆုံးမှုအများဆုံး စံချိန်တင်ခဲ့တဲ့ အရေအတွက်ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကြောင့်သေဆုံးသူ စုစုပေါင်း အခုဆို ၃၅၇ဝ ရှိသွားပါပြီ။ ကိုဗစ်အတည်ပြု လူနာသစ်တွေလည်း မနေ့ကတရက်တည်းမှာပဲ ၃၉၄၇ ယောက် ရှိခဲ့လို့ မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၁၇၅ ၉၂၃ ယောက် ရှိသွားပါပြီ။

ကူးစက်မှုပိုမြန်ပြီး အသက်သေစေလောက်အောင် ပြင်းထန်တဲ့ ကိုဗစ် ဗီဇပြောင်း ပိုးသစ်တွေ မြန်မာနိုင်ငံမှာရှိလာတဲ့ တတိယလှိုင်းကာလအတွင်း ကပ်ရောဂါကူးစက်မှုနဲ့ သေဆုံးမှုတွေ သိသိသာသာ မြင့်တက်လာနေတာပါ။ ကျန်းမာရေးဌာနရဲ့ မနေ့က နောက်ဆုံးထုတ်ပြန်ချက်အရ ရောဂါကူးစက်မှု အများဆုံးဒေသတွေက ရန်ကုန်တိုင်းမှာ ၅၈၁ ယောက်၊ ရှမ်းပြည်နယ်မှာ ၄၉၇ယောက်၊ မွန်ပြည်နယ်မှာ ၄၅၃ယောက်၊ ပဲခူးတိုင်းမှာ ၄၅ဝ၊ ဧရာဝတီတိုင်းမှာ ၄၃၄ ယောက်တို့ဖြစ်ပါတယ်။

ရောဂါပိုးကူးစက်မှုတွေ မြင့်တက်လာနေလို့ နေအိမ်မှာပဲ နေထိုင်ကြဖို့ ကန့်သတ်ချက် ထုတ်ပြန်ထားတဲ့ မြို့နယ်ပေါင်းက အခုဆို ၄၅ မြို့နယ်အထိ ရှိလာပါပြီ။ နောက်ဆုံး ထုတ်ပြန်ထားတဲ့ မြို့နယ်က ၁၄ ခု ရှိပြီး ဒီမြို့နယ်တွေအားလုံး ဇူလိုင်လ ၈ ရက် မနက်လေးနာရီကစပြီး Stay at Home ဆိုတဲ့ အိမ်မှာပဲနေထိုင်ကြရမယ့် ကန့်သတ်မှုထဲမှာ အကျုံးဝင်သွားပါပြီ။

အဲဒီ ၁၄ မြို့နယ်ကတော့ မကွေးတိုင်းက ဂန့်ဂေါမြို့နယ်၊ မွန်ပြည်နယ်မှာ မော်လမြိုင်၊ သံဖြူဇရပ်နဲ့ သထုံ မြို့နယ်၊ ရန်ကုန်တိုင်းထဲမှာတော့ မင်္ဂလာဒုံ၊ မှော်ဘီ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ အင်းစိန်၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ မင်္ဂလာတောင်ညွန့်၊ ဗဟန်းနဲ့ မရမ်းကုန်းမြို့နယ်တွေပဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။