စစ်တွေ နယ်စပ်ကုန်သွယ်ရေးစခန်းက လူ ၁၁ ဦးမှာ ကိုဗစ်ပိုးတွေ့
စစ်တွေမြို့ ရွှေမင်းဂံ နယ်စပ်ကုန်သွယ်ရေးစခန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ကုန်ကူးသန်းသွားလာနေသူ ၁၁ ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးတွေ့ရှိထားတယ်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီက ဒီဇင်ဘာ ၁ ရက် ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ကုန်ကူးသန်းသွားလာနေတဲ့ စက်လှေလုပ်သား ကိုးယောက်နဲ့ အရပ်သား နှစ်ယောက် မှာ ပိုးတွေ့ရှိထားတာဖြစ်ပြီး လက်ရှိမှာ အဲဒီ ၁၁ ဦးတို့ ကျန်းမာရေး ကောင်းမွန်တယ်လို့ သိရပါတယ်။
ပြည်နယ်စစ်ကောင်စီကလည်း နယ်စပ်ကုန်သွယ်ရေးစခန်းတွေရဲ့ အခြေအနေကို မပြတ် စောင့်ကြည့်နေတယ် လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ ဇူလိုင်လဆန်းက ကိုဗစ်တတိယလှိုင်းမှာ အဲဒီနယ်စပ်ကုန်သွယ်ရေးစခန်းကနေ ကုန်ကူးသန်း သွားလာသူ တစ်ရာကျော်မှာ ပိုးတွေ့ခဲ့ပြီး ဇူလိုင်လ ၁၅ ရက်နေ့မှာ အဲဒီစခန်းကို ယာယီပိတ်ခဲ့ကာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေ့ကမှ ပြန်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်စစ်ကောင်စီရဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ်မှာ ကိုဗစ်ကူးစက်ခံခဲ့ရသူ ငါးသောင်းကျော်နဲ့ သေသုံးသူ ငါးရာနီးပါးအထိ ရှိခဲ့ပြီး အခုလက်ရှိတော့ ပိုးတွေ့လူနာ ၂၀ ဦးဟာ ကုသမှုခံယူနေဆဲလို့ သိရပါတယ်။
မောင်တောမြို့ ကညင်ချောင်း နယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ စစ်တွေမြို့ ရွှေမင်းဂံ နယ်စပ်ကုန်သွယ်ရေးစခန်း ကနေ ပြီးခဲ့တဲ့ တစ်လကျော်အတွင်း အမေရိကန်ဒေါ်လာ ၅.၂ သန်းကျော်ဖိုး ကုန်တင်ပို့နိုင်ခဲ့တယ်လို့လည်း ရခိုင်ပြည်နယ် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရဲ့ စာရင်းအရ သိရပါတယ်။