ဖောင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်က ၄၅ ယောက်မှာ ကိုဗစ်ပိုးတွေ့

2022.01.15
ဖောင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်က ၄၅ ယောက်မှာ ကိုဗစ်ပိုးတွေ့ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) သင်တန်းကျောင်းကို တွေ့ရစဉ်
Photo: Citizen Journalist

ဖောင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) သင်တန်းကျောင်းက ၄၅ ယောက်မှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေး ဝန်ကြီးဌာနက ဇန်နဝါရီ ၁၄ ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်။

အဲဒီ ၄၅ ယောက်မှာ ကိုရိုနာဗိုင်းရပ် မျိုးရိုးဗီဇပြောင်းဖြစ်တဲ့ အိုမီခရွန် (Omicron) ပိုးတော့ မတွေ့ဘူးလို့ ဖော်ပြထားပေမယ့်လည်း သူတို့ဟာ အဲဒီ ကိုရိုနာဗိုင်းရပ်စ်ပိုး ဘယ်ကနေ ဘယ်လိုကူးစက်ခံထားရတယ် ဆိုတာတော့ ဖော်ပြမထားပါဘူး။

ဇန်နဝါရီ ၁၄ ရက် မနေ့က တစ်ရက်အတွင်းမှာ ကိုရိုနာဗိုင်းရပ် စစ်ဆေးသူ ၉၇၀၈ ယောက်မှာ ပိုးတွေ့သူ ၁၂၆ ယောက်ရှိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

အိုမီခရွန် ဗီဇပြောင်းပိုးဟာ နိုင်ငံပေါင်း ၁၁၀ လောက်ထိ ပျံ့နှံ့နေပြီး လက်ရှိ ပြည်တွင်းမှာဆိုရင် အိန္ဒိယနိုင်ငံ က ပြန်လာတဲ့သူ ၃၂ ယောက်၊ ယူအေအီးနိုင်ငံက ပြန်လာသူ ၄ ယောက်၊ မလေးရှားနိုင်ငံက ပြန်လာသူ ၃ ယောက်နဲ့ ထိုင်းနိုင်ငံက ပြန်လာသူ ၃ ယောက်မှာ အိုမီခရွန် (Omicron) ပိုး တွေ့ရှိထားတယ်လို့ စစ်ကောင်စီ ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အိုမီခရွန် ဗီဇပြောင်းပိုးဟာ ရောဂါလက္ခဏာပျိုးချိန် သုံးရက်ကနေ ငါးရက်အတွင်း ရှိတတ်ပြီး ထိန်းချုပ်ရ ပိုခက်ပါကြောင်း၊ ရောဂါလက္ခဏာများကတော့ လည်ချောင်းယားတာ၊ နောက်ကျောအောင့်တာ၊ နှာရည် ယိုတာ၊ နှာပိတ်တာ၊ ခေါင်းကိုက်တာ၊ ကြွက်သားတွေ နာကျင်တာ၊ မောပန်းတာ၊ နှာချေတာ၊ ညဘက်ချွေးတွေ ထွက်တာမျိုး ရှိနိုင်ကြောင်း အရင်ဗီဇပြောင်းပိုးတွေနဲ့ မတူတာကတော့ အနံ့ပျောက်တာ အရသာ ပျောက်တာ မျိုး သိပ်မရှိနိုင်ဘူးလို့လည်း ဖော်ပြထားပါတယ်။

ဇန်နဝါရီ ၁၄ ရက် မနေ့ကအထိ Covid 19 အတည်ပြုလူနာပေါင်း ၅၃၂၈၅၁ ဦး ရှိရာ ၁၉၂၉၉ ဦး သေဆုံး ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။