ပိုးတွေ့ရှိနှုန်း ကျဆင်းလာတယ်လို့ မန္တလေးဝန်ကြီးချုပ်ပြော
2021.01.04
မန္တလေးခရိုင်အတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိမှု ကျဆင်းလာလို့ သီးသန့်စောင့်ကြည့်ရေးစင်တာတွေကို လျော့ချသွားနိုင်တော့မယ်လို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။
ဒီနေ့ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ဗထူးကွင်းမှာ ပြုလုပ်တဲ့ ၇၃ နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားအပြီး သတင်းမီဒီယာသမားတွေရဲ့ မေးမြန်းမှုအပေါ် ဝန်ကြီးချုပ်က ထည့်သွင်းပြောခဲ့တာပါ။
“နေအိမ်နေထိုင်ရေးမှာ မလိုအပ်ဘဲ အပြင်မထွက်လိုက်တော့ ကျသွားတယ်။ ထိန်းနိုင်အောင် တတ်နိုင်သမျှ လုပ်တယ်။ သီးသန့်စောင့်ကြည့်ရေး စင်တာတွေလျော့တော့မယ်။ ဆေးရုံတချို့ကိုလည်းပြန်ပေါင်းမယ်။” လို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ပြောပါတယ်။
မန္တလေးခရိုင်အတွင်းမှာ သီးသန့်စောင့်ကြည့်ရေးစင်တာ ၁၃ ခုရှိပြီး မန္တလေးတိုင်း တစ်တိုင်းလုံးမှာတော့ ၂၄၉ ခုရှိပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလက လူတစ်ရာကို ဗိုင်းရပ်စ်စစ်ဆေးခဲ့ရင် ၁၆ ယောက်မှာ ပိုးတွေ့ခဲ့ပြီး ဒီဇင်ဘာလဆန်းပိုင်း က စပြီးလူတစ်ရာကို ဆေးစစ်ရင် ၁၀ ယောက်ခန့်သာ ပိုးတွေ့တော့တယ်လို့ ဆိုပါတယ်။
မန္တလေးတိုင်းအတွင်း အခုလ ၃ ရက်နေ့အထိ ပိုးတွေ့လူနာ ၁၃၇၄၇ ယောက်၊ ဆေးရုံတက်နေရသူ ၁၇၁၇ ယောက်၊ ဆေးရုံဆင်းရသူ ၁၁၈၈၅ ယောက်နဲ့ သေဆုံးသူ ၂၉၀ ရှိပါတယ်။
မန္တလေးခရိုင်က ပိုးတွေ့ရှိသူအများဆုံးဖြစ်ပြီး ရမည်းသင်းခရိုင်က အခုလ ၂ ရက်နေ့မှာဆို ပိုးတွေ့ရှိသူ မရှိခဲ့တာကို တွေ့ရပါတယ်။ မန္တလေးခရိုင်ကိုတော့ နေအိမ်နေထိုင်ရေး သတ်မှတ်ထားဆဲဖြစ်ပါတယ်။