ကိုဗစ်ကူးစက်မှု မထိန်းချုပ်နိုင်သေးလို့ ချင်းပြည်နယ်ကရွာကို အသွားအလာ ဆက်ပိတ်ထား

ဆလိုင်းကေတီဟောက်ခိုင်
2021.01.11
ကိုဗစ်ကူးစက်မှု မထိန်းချုပ်နိုင်သေးလို့ ချင်းပြည်နယ်ကရွာကို အသွားအလာ ဆက်ပိတ်ထား ချင်းပြည်နယ် မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ တွီးထန်ကျေးရွာ အဝင်ဂိတ်မှာ အရပ်ဖက်အဖွဲ့အစည်းတွေက လှူဒါန်းတဲ့ အစားသောက်ကုန်တွေကို ပို့ဆောင်နေတာကို ၂၀၂၁၊ ဇန်နဝါရီ ၁၁ ရက်နေ့က တွေ့ရစဉ်
ဓာတ်ပုံ - ဆလိုင်းကေတီဟောက်ခိုင်/ RFA

ချင်းပြည်နယ် မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ တွီးထန်ကျေးရွာမှာ ကိုဗစ်ရောဂါပိုး ကူးစက်ပြန့်ပွားတာကို မထိန်းချုပ်နိုင်သေးလို့ လာမယ့် ဇန်နဝါရီလ (၂၃) ရက်နေ့အထိ ရွာကို အသွားအလာ ဆက်ပိတ်ထားမယ်လို့ ပြည်နယ် ပြည်သူ့ကျန်မာရေးနှင့် ကုသရေးဦးစီးဌာနကနေ ထုတ်ပြန်ပါတယ်။

အဲ့ဒီရွာမှာ ဒီကနေ့ ဇန်နဝါရီ ၁၁ရက်နေ့အထိ ရောဂါပိုးကူးစက်ခံရတဲ့သူ အယောက်(၄၀) ရှိပြီး သေဆုံးတဲ့သူက တစ်ယောက်ရှိပါတယ်။

ဒီရွာမှာ ရောဂါပိုးစတွေ့တဲ့သူဟာ ခရီးသွားရာဇဝင်လည်း မရှိတဲ့သူဖြစ်တာကြောင့် ဒေသတွင်း အစုလိုက် အပြုံလိုက် ကူးစက်မှုဖြစ်တယ်လို့ ချင်းပြည်နယ် ကျန်းမာရေးနှင့်ကုသရေး ဦးစီးမှူး ဒေါက်တာ ဦးအောင်ငွေစံ က RFA ကို ပြောပါတယ်။

“တီးတိန်မြို့နယ်ထဲမှာ ခိုင်မာတိကျတဲ့ ခရီးသွားရာဇဝင်၊ ခိုင်မာတိကျတဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာနဲ့ ထိတွေ့တာလို့ မပြောနိုင်ဘဲနဲ့ ဆေးရုံကို လာပြရာကနေ စစ်ဆေးတွေ့ရှိတဲ့ဟာတွေကို စတွေ့လာ ခဲ့ရပါတယ်။ အဲဒီအချိန်ကတည်းက တီးတိန်ဆေးရုံအုပ်ကလည်း မြို့ကို သတိပေးပါတယ်။ ကျွန်တော်တို့ လည်း သတိပေးတယ်။ ဒီမှာ ဒေသတွင်း ကူးစက်မှု (Local transmission) ရှိနေတယ်ပေါ့။ အများပြည်သူ ကြားမှာ ဘယ်ကနေ ကူးစက်တယ်ဆိုတာ မသိတာဘဲနဲ့ ရောဂါပိုးရောက်နေပြီဆိုတာကို ကျွန်တော်တို့ အသိပေးခဲ့တယ်။ သတိလည်းပေးခဲ့တယ်။ တွီးထန်ရွာမှာ ဒါအစုအလိုက် အပြုံလိုက် တွေ့ရှိတယ်လို့ သတ်မှတ်လို့ရပါတယ်။ အဲလိုတွေ့ရှိတာကြောင့် တွီးထန်ကျေးရွာကို အဝင်အထွက် ကန့်သတ်လိုက်တာပဲ ဖြစ်ပါတယ်”လို့ ဒေါက်တာ ဦးအောင်ငွေစံက ပြောပါတယ်။

တွီးထန်ကျေးရွာကို ပြီးခဲ့တဲ့ ဒီဇင်ဘာ (၂၆) ရက်ကနေ ဇန်နဝါရီ (၉) ရက်နေ့အထိ အသွားအလာ အဝင်အထွက် ကန့်သတ်ခဲ့ပြီးနောက် အခု ထပ်မံသက်တမ်းတိုး ကန့်သတ်လိုက်တာပါ။

အဲဒီပိတ်ထားတဲ့ရွာမှာ စားဝတ်နေရေးအတွက် ခက်ခဲနေတာကြောင့် ချင်းပြည်နယ်ထဲက အရပ်ဖက် အဖွဲ့အစည်းတချို့ဟာ ရွာထိပ်ထိသွားပြီး စားစရာတွေ ပို့ဆောင်ပေးနေတာလည်း တွေ့ရပါတယ်။

လတ်တလော တွီးထန်တိုက်နယ်ဆေးရုံမှာ ဆေးကုသမှုခံနေရတဲ့သူ အမျိုးသမီးလူနာ တစ်ယောက်ပဲ ကျန်ရှိပြီးတော့ ကျန်တဲ့သူတွေကတော့ ဆေးရုံကနေ ပြန်ဆင်းခွင့်ရသွားပါပြီ။ ဒါပေမဲ့ သံသယလူနာတွေ ရှိနေတဲ့ ဒီတစ်ရွာလုံးကိုတော့ ရောဂါပိုး ရှိ၊မရှိ စစ်ဆေးနိုင်တာ မရှိပါဘူး။

လက်ရှိအချိန်ထိ ချင်းပြည်နယ်မှာ ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာ ၃၀၀ ကျော်ရှိပြီးတော့ သေဆုံးတဲ့သူ သုံးဦးရှိပါတယ်။

ဇန်နဝါရီလ (၁၀) ရက်နေ့အထိ မြန်မာတစ်နိုင်ငံလုံးမှာတော့ ကိုဗစ်ကြောင့် သေဆုံးတဲ့သူ (၂၈၄၆) ယောက်နဲ့ ရောဂါကူးစက်ခံရသူ (၁၃၀၆၀၄) ယောက် ရှိပြီး အဲဒီထဲက (၁၁၄၀၄၉) ယောက်ကတော့ ရောဂါသက်သာလို့ ဆေးရုံကပြန်ဆင်းခွင့်ရသွားပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။