တစ်ရက်အတွင်း ကိုဗစ်လူနာ တစ်ထောင်ကျော်တွေ့

2022.02.09
တစ်ရက်အတွင်း ကိုဗစ်လူနာ တစ်ထောင်ကျော်တွေ့ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့က မြင်ကွင်းတစ်ခုကို တွေ့ရစဉ်။
Photo: AFP

မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာသစ် တရက်အတွင်း တစ်ထောင်ကျော် စစ်ဆေးတွေ့ရှိတယ်လို့ စစ်ကောင်စီထိန်းချုပ်တဲ့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၈ ရက် ည ၈ နာရီကနေ ၉ ရက်နေ့ ည ၈ နာရီအတွင်း စစ်ဆေးချက်အရ အတည်ပြုလူနာ ၁ဝ၄၃ ဦးရှိတယ်လို့ မနေ့က သတင်း ထုတ်ပြန်ပါတယ်။ ကိုဗစ်ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၁၉၃၁ဝ ဦးရှိပြီး၊ အတည်ပြုလူနာ စုစုပေါင်းကတော့ ငါးသိန်းလေးသောင်းကျော် ရှိပြီလို့ ဆိုပါတယ်။

ကျန်းမာရေးဌာနက နောက်ဆုံးထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ဖေဖော်ဝါရီ ၇ ရက်က ၈ ရက်အတွင်း ကိုဗစ်အတည်ပြုလူနာအများဆုံးက ရန်ကုန်တိုင်း ဖြစ်ပြီး ၇၁၁ ဦး ရှိပါတယ်။

ရန်ကုန်တိုင်းထဲမှာ အများဆုံးတွေ့တာက မင်္ဂလာဒုံမြို့နယ်မှာပါ။ ၁၉၆ ဦး ရှိပါတယ်။ ဒုတိယ အတည်ပြုလူနာအများဆုံးက ဧရာဝတီတိုင်းဖြစ်ပြီး ၇၅ ဦး ရှိပါတယ်။ တတိယအများဆုံးက ကချင်ပြည်နယ်ပါ။ ၅၄ ဦး ရှိပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီထိန်းချုပ်တဲ့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်တွေနဲ့ ကိန်းဂဏန်းတွေဟာ လက်တွေ့နဲ့ ကွဲလွဲနေတယ် ဆိုပြီး မြန်မာပြည်သူတွေအကြား သံသယတွေ ရှိနေကြပါတယ်။

အရင်က ငြိမ်းချမ်းခဲ့တဲ့ဒေသတွေမှာ အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေ ရှိလာတာ၊ နေရပ်စွန့်ခွာထွက်ပြေးမှုတွေ များလာတာတွေကြောင့် အဲဒီဒေသတွေက ကိုဗစ်ရောဂါ အခြေအနေမှန်တွေကိုလည်း မသိရဘဲ ဖြစ်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။