တပ်မတော်သားလူနာနဲ့ ဆက်စပ်သူ ၄၀၀ ကျော်မှာ ရောဂါပိုးမတွေ့

သက်စုအောင်
2020.05.07
နေပြည်တော်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းက ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ တပ်မတော်သားနဲ့ ဆက်စပ်ထိတွေ့ ခဲ့သူ ၃၆၃ ဦးကို ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့နဲ့ ၅ ရက်တို့မှာ ဆေးစစ်ခဲ့ရာမှာ ပိုးမတွေ့ခဲ့သလို အဲဒီတပ်မတော်သားနဲ့ လုပ်ငန်းဆက်စပ်ဆောင်ရွက်ခဲ့သူ နောက်ထပ် ၅၆ ဦးကို မနေ့က ဆေးစစ်ခဲ့ရာမှာလည်း ရောဂါပိုးမတွေ့ရှိခဲ့ဘူးလို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ပြောပါတယ်။

ဆေးစစ်ခဲ့သူ ၄၀၀ ကျော်လုံးဟာ တပ်မတော်သားတွေနဲ့ တပ်မတော်သား မိသားစုဝင်တွေဖြစ်ပြီး အရပ်သား တစ်ဦးမှ မပါဝင်သလို၊ ပိုးတွေ့လူနာ တပ်မတော်သားအနေနဲ့ အရပ်သားတွေနဲ့ထိတွေ့ခဲ့တာမျိုးလည်းမရှိဘူးလို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ပြောပါတယ်။

"သူက ရုံးမှာတာဝန်ထမ်းဆောင်တဲ့သူပဲ၊ ရုံးမှာတာဝန်ထမ်းဆောင်တဲ့ ရဲဘော် ဒါကြောင့်မို့ ရုံးတစ်ရုံးလုံးကို ဆေးစစ်တာပဲ ရုံးဌာနမှာ အလုပ်လုပ်နေတဲ့သူမှန်သမျှ နောက်ပြီး ရုံးဌာနမှာ အလုပ်လုပ်နေတဲ့သူတွေရဲ့ ဆက်စပ်နေတဲ့ မိသားစုတွေမှန်သမျှ ကျတော်တို့အကုန် ဆေးစစ်ထားတာဖြစ်ပါတယ် တပ်မတော်သားတွေရယ် တပ်မိသားစုဝင်တွေရယ်ပါ အရပ်သားမပါပါဘူး အရပ်သားနဲ့လည်း ဆက်စပ်စရာအကြောင်းမရှိဘူး အရပ် ဘက်လည်း သူသွားခဲ့တာမျိုးမရှိတဲ့အတွက် အရပ်သားတွေကိုခေါ်ပြီး စစ်ဆေးစရာအကြောင်းမရှိပါဘူး"

ပိုးတွေ့လူနာတပ်မတော်သားဟာ ဧပြီလ၃၀ရက်နေ့က ဖျားတာ၊ လည်ချောင်းနာတာ ဝမ်းပျက်ဝမ်းလျှောတာ စတဲ့ရောဂါလက္ခဏာတွေ ခံစားခဲ့ရတာကြောင့် မေလ၁ရက်နေ့က နယ်မြေခံတပ်မတော်ဆေးရုံမှာ သီးခြား စောင့်ကြည့်ခဲ့ပြီးနောက် ဆေးစစ်ခဲ့ရာမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့တာပါ။

အဲဒီတပ်မတော်သားဟာ လွန်ခဲ့တဲ့တစ်လအတွင်း တပ်ပြင်ပကို ခရီးသွားလာခဲ့တဲ့ရာဇဝင်မရှိဘူးလို့ သိရပါတယ်။
ဒါ့ကြောင့် ရောဂါကူးစက်ခံရမှုအခြေအနေကို သိရှိနိုင်ဖို့သူနဲ့ ဆက်စပ်ထိတွေ့ခဲ့သူတွေကို စိစစ်ဖော်ထုတ်ပြီး လိုအပ်တဲ့ဆေးစစ်မှုတွေဆောင်ရွက်မယ်လို့ တပ်မတော်က မေလ ၅ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိပိုးတွေ့လူနာ တပ်မတော်သားနဲ့ ဆက်စပ်ထိတွေ့ခဲ့သူ လူ၄၀၀ ကျော်လုံးမှာ ပိုးမတွေ့ပေမယ့်လည်း အဲဒီသူတွေကို သတ်မှတ်ထားတဲ့စည်းကမ်းတွေအတိုင်း အသွားအလာကန့်သတ် သီးသန့်စောင့်ကြည့်မှုတွေ ကိုတော့ ဆက်ပြီးဆောင်ရွက်နေတယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

"သူတို့အကုန်လုံးကိုတော့ ကျနော်တို့ ပြောထားတဲ့အတိုင်းပဲ ကိုဗစ်နိုင်တင်း ရောဂါကာကွယ်ရေး စည်းမျဉ်း စည်းကမ်းတွေနဲ့အညီ အားလုံးကိုတော့ ကွာရန်တင်း လုပ်ထားပါတယ်၊ အဲလူတွေကို စောင့်ကြည့်ပြီး လိုအပ်လာရင် ဒုတိယအကြိမ် ဆေးစစ်တာတွေ ဆက်ဆောင်ရွက်သွားပါမယ်"

အဲဒီပိုးတွေ့လူနာတပ်မတော်သားဟာ၊ လက်ရှိနေပြည်တော်တပ်မတော်ဆေးရုံမှာ ဆေးကုသမှုခံယူနေပြီး၊ ကျန်းမာရေးအခြေအနေက တည်ငြိမ်ကောင်းမွန်နေတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ စတင်တွေ့ရှိခဲ့တဲ့ မတ်လ ၂၃ ရက်နေ့ နောက်ပိုင်းကစပြီး တပ်မတော် တပ်ရင်းတပ်ဖွဲ့တွေကို အရေးကြီးကိစ္စမရှိရင် တပ်ပြင်ကိုလုံးဝမထွက်ဖို့ တပ်မတော်ခေါင်းဆောင်တွေ က ညွှန်ကြားတာတွေ စတင်ဆောင်ရွက်ခဲ့ပါတယ်။

အခုပိုးတွေ့တဲ့ တပ်မတော်သားအပါအဝင်ဆို တပ်မတော်သားတွေမှာ ပိုးတွေ့တာ ခြောက်ဦး ရှိပြီဖြစ်ပြီး ကျန်တဲ့ငါးဦးကတော့ ရုရှားနိုင်ငံမှာ သင်တန်းတက်ရောက်နေတဲ့ သင်တန်းသား အရာရှိ ငါးဦးဖြစ်ပါတယ်။

မြန်မာတစ်နိုင်ငံလုံးအနေနဲ့ကတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒီနေ့မနက်ပိုင်း ထုတ်ပြန်ချက်အရ ပိုးတွေ့ လူနာသစ်တစ်ဦးကို ထပ်မံတွေ့ရှိခဲ့တာကြောင့် စုစုပေါင်းပိုးတွေ့ လူနာ ၁၆၂ ဦးရှိလာပါပြီ။

ဒီနေ့မနက်ထုတ်ပြန်ချက်အရ ထပ်မံတွေရှိတဲ့ ပိုးတွေ့လူနာကတော့ အသက်၄၃နှစ်အရွယ် အမျိုးသမီးတစ်ဦး ဖြစ်ပြီး အင်းစိန်ပြည်သူ့ဆေးရုံကြီးက စောင့်ကြည့်လူနာတစ်ဦးလည်းဖြစ်ပါတယ်။ သူဟာအင်းစိန်မြို့နယ်မှာ နေထိုင်ပြီး ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူလူနာ အမှတ် ၁၅၁၊ ၁၅၂၊ ၁၅၃၊ ၁၅၄ တို့နဲ့ ထိတွေ့မှုရှိခဲ့တဲ့သူ တစ်ဦးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါနဲ့ပတ်သက်ပြီး အင်းစိန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး က ဒီပိုးတွေ့ရှိတဲ့ လူနာသစ်ဟာ အရင်ပိုးရှိတဲ့သူလေးဦးနဲ့ ဆက်စပ်ထိတွေ့သူဖြစ်တာကြောင့် သူတို့မိသားစုဝင် ၁၃ ဦးလုံးကို အသွားအလာကန့်သတ် စောင့်ကြည့်တာကို ပြီးခဲ့တဲ့မေလ ၄ ရက်ကတည်းကဆောင်ရွက်ထားပြီး သူတိုရဲ့ နေအိမ်နဲ့ လမ်းကိုလည်း အသွားအလာကန့်သတ်ထားတယ်လို့ပြောပါတယ်။

"ဒီတွေ့တဲ့ မိန်းကလေးကတော့ သူ့အမေ ဆေးရုံလာတက်တာကို လူနာစောင့်လိုက်လာတာ သူနာပြုကရင်မလေး တွေက ရောဂါပိုးတွေ့ထားတော့ ဒီကောင်မလေးတွေနဲ့ သူတို့အဆက်အသွယ်ရှိမှန်းသိတော့ ဆေးစစ်ကြည့် လိုက်တော့ သမီးဆီမှာ ပိုးလာတွေ့တာ အမေကတော့ Negative၊ သူတို့နေတဲ့ အဲဒီလမ်းကိုတော့ ပိတ်ထားပြီ အဝင်မခံတော့ဘူး၊ လမ်းထဲက ထွက်တာတော့ ထွက်လို့ရတယ်"

မြန်မာနိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် ပိုးကူးစက်ခံရသူ ၁၆၂ ဦးရှိပြီး အဲဒီထဲက ခြောက်ဦးသေဆုံး ခဲ့ပါတယ်။ ဆေးကုသမှုခံယူပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူကတော့ ၅၀ ဦးရှိပြီး ဆေးရုံဆင်းသွား သူက၂၉ ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။