မြန်မာ့ကိုဗစ်ထိန်းချုပ်ရေး အမေရိကန်က ဒေါ်လာသန်း ၂၀ ကျော် ကူညီ
2021.08.04
ကိုဗစ်ထိန်းချုပ်ရေးအတွက် အမေရိကန်က မြန်မာနိုင်ငံကို ဒေါ်လာသန်း ၂၀ ကျော် ကူညီထောက်ပံ့လိုက်ပါတယ်။ အာဆီယံ- အရှေ့တောင်အာရှနိုင်ငံများအသင်းဝင် နိုင်ငံတွေကို ကူညီထောက်ပံ့တာဖြစ်ပြီး အင်ဒိုနီးရှားကို ဒေါ်လာ ၆၅ သန်း၊ ဖိလစ်ပိုင်ကို ဒေါ်လာ ၂၆ သန်းကျော်နဲ့ မြန်မာကို တတိယ အများဆုံးအဖြစ် ဒေါ်လာသန်း ၂ဝ ကျော် အကူအညီပေးတာပါ။
ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရေးကို အမေရိကန်ပြည်ထောင်စုက ဦးဆောင်လှုပ်ရှား နေပြီး၊ အဲဒီထဲမှာ ထိရောက် စိတ်ချရတဲ့ ကိုဗစ်ကာကွယ်ဆေး သန်းငါးရာကျော်ကို ကမ္ဘာတဝှမ်းက ဝင်ငွေ အလယ် အလတ်နဲ့ ဝင်ငွေနိမ့် နိုင်ငံပေါင်း ၉၂ နိုင်ငံ အတွက် ဖြန့်ဖြူးရေးလည်းပါဝင်ပါတယ်။
အမေရိကန်- အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီးမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ၊ အာဆီယံအတွင်းရေးမှူးချုပ်တို့နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ်လ ၄ ရက်က ကြေညာချက်ထုတ်ပြန်ပါတယ်။
အထူးစိုးရိမ်ဖွယ်ကောင်းတဲ့ မြန်မာနိုင်ငံအခြေအနေကိုဆွေးနွေးခဲ့ကြကြောင်း အွန်လိုင်းကကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး သူ့ရဲ့ Facebook မှာ ဖော်ပြခဲ့ပါတယ်။ ဒါ့ပြင် ဧပြီ ၂၄ ရက် နေ့က သဘောတူခဲ့တဲ့ အချက် (၅) ချက်ပါ အာဆီယံဘုံသဘောတူညီချက်ကို ထိထိ ရောက်ရောက် အမြန် အကောင် အထည်ဖော်ဖို့ တိုက်တွန်းကြောင်း ၊ အမေရိကန်ပြည်ထောင်စုအနေနဲ့ အာဆီယံရဲ့ အဓိကအရေးပါမှုကို အမြဲအသိအမှတ်ပြုသလို အင်ဒို-ပစိဖိတ်ဒေသ လွတ်လပ်ပွင့်လင်းမှုရှိရေး ရှုမြင်ပုံကို ထောက်ခံကြောင်းလည်း ဖော်ပြထားပါတယ်။

ဒါ့ပြင် ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရေး၊ ရာသီဥတုပြဿနာ၊ လူသားရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ မြန်မာနိုင်ငံကိစ္စ အရေးပေါ် ဆောင်ရွက်ရေး ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။ အာဆီယံက မြန်မာနိုင်ငံကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးဖို့ စတင်ပြင်ဆင်ချိန်မှာ စင်ကာပူက အမေရိကန်ဒေါ်လာ တသိန်းထည့်ဝင်မယ်လို့ ဒေသတွင်း နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီးမှာ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ဩဂုတ် ၂ ရက် နေ့က ပြောကြားလိုက်ပါတယ်။
အထူးစိုးရိမ်ဖွယ်ကောင်းတဲ့ မြန်မာနိုင်ငံအခြေအနေကို ဆွေးနွေးကြတယ်လို့ အွန်လိုင်းက ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီးမှာ သူ့ facebook မှာရေးသားပါတယ်။ ဧပြီ ၂၄ ရက်က သဘောတူခဲ့တဲ့ အချက်ငါးချက်ပါ အာဆီယံ ဘုံသဘောတူညီချက်ကို ထိထိရောက်ရောက် အမြန်အကောင်အထည်ဖော်ဖို့ တိုက်တွန်းပါတယ်လို့လည်း ရေးသားထားပါတယ်။
အခုထိ အမေရိကန်ပြည်ထောင်စုက အာဆီယံနိုင်ငံတွေမှာ ကိုဗစ် တိုက်ဖျက်ရေးအတွက် ကာကွယ်ဆေး ၂၃ သန်းကျော် နဲ့ အလှူငွေ ဒေါ်လာ သန်း ၁၆ဝ နီးပါး လှူဒါန်းခဲ့ပြီး၊ အာဆီယံ ကိုဗစ်တိုက်ဖျက်ရေး ရန်ပုံငွေ အဖြစ် ဒေါ်လာ ငါးသိန်း ထည့်ဝင်ခဲ့ပါတယ်။
ဒါ့ပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ၂ဝ၂ဝ ပြည့်နှစ်တွေအတွင်း ရာသီဥတုနဲ့ ကပ်ရောဂါ ပြဿနာတွေကြောင့် အာဆီယံနိုင်ငံတွေရဲ့ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းတွေ စီးပွားရေးထိခိုက်ခဲ့ရတဲ့ အခြေအနေတွေကို ပြန်လည်ကျော်လွှားနိုင်အောင် ကူညီနိုင်ခဲ့ကြောင်း၊ အာဆီယံဒေသတွင်း စွမ်းအင် ရေရှည်ရရှိနိုင်ရေး စနစ်တွေ၊ အမေရိကန် အာဆီယံ ခေတ်မီမြို့ပြတွေ ပူးပေါင်းတည်ဆောက်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ရေပေးဝေရေး၊ စွမ်းအင်နဲ့ ကျန်းမာရေးကဏ္ဍတွေမှာ ပူးတွဲ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

အလားတူ အာဆီယံ ဒေသတွင်း လူသားရင်းမြစ် ဖွံ့ဖြိုးတိုးတက်မှု အရေးကြီးပုံကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက အလေးပေး ပြောဆိုလိုက်ပြီး၊ နောက်မျိုးဆက် အာဆီယံ ခေါင်းဆောင်တွေ၊ ကျွမ်းကျင် ပညာရှင်တွေ၊ တီထွင်ဖန်တီးသူတွေ မွေးထုတ်နိုင်ရေးအတွက် ပညာရေးအစီအစဉ်တွေ ဖော်ဆောင်နေကြောင်းလည်း ပြောပါတယ်။
ဒါ့ပြင် မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့အပေါ် အလေးအနက် စိုးရိမ်ကြောင်း၊ မြန်မာစစ်တပ် အနေနဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်၊ မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကို အမြန်ဆုံးပြန်လွှတ်၊ နိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းကို ပြန်လည်ဖော်ဆောင်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က တိုက်တွန်းလိုက်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာလည်း အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman နဲ့ အွန်လိုင်းကတဆင့် တွေ့ဆုံပြီး မြန်မာနိုင်ငံက လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေ၊ အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်ထားရှိမှု၊ Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရက ပြင်ဆင်ဆောင်ရွက်ထားတာတွေနဲ့ နိုင်ငံတကာက ကူညီဆောင်ရွက်ပေးနိုင်မယ့် နည်းလမ်းတွေနဲ့ ပတ်သက်ပြီး သြဂုတ်လ ၄ ရက်နေ့က ဆွေးနွေးခဲ့ပါတယ်။