ယူနတီဂျာနယ် အပြစ်ပေးမှု၊ မြန်မာကို အမေရိကန် ဝေဖန်
2014.07.18

photo: Facebook
ယူနတီဂျာနယ်က သတင်းသမား ၅ ဦးကို မြန်မာအစိုးရ က ထောင်ဒဏ် ၁ဝ နှစ်စီချမှတ်ခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရက သောကြာနေ့ မနေ့က ပြစ်တင်ဝေ ဖန်လိုက်ပါတယ်။
မြန်မာအာဏာပိုင်တွေအနေနဲ့ ပြီးခဲ့တဲ့ ၃ နှစ်အတွင်း အံသြဖွယ် ပြောင်းလဲတိုးတက်မှု အများအပြားဆောင် ရွက်ခဲ့ပေမယ့် သတင်းသမားတွေကို အခုလို ကြီးလေး တဲ့ပြစ်ဒဏ်တွေ ပေးလိုက်တဲ့အတွက် မြန်မာအစိုးရရဲ့ လွတ်လပ်စွာ ထုတ်ဖေါ်ရေးသားပြောဆိုမှုဆိုင်ရာ ကတိ စကားတွေအပေါ် အထင်အမြင်လွဲမှားမှုဖြစ်စေတယ် လို့ နိုင်ငံခြားရေးဌာနပြောခွင့်ရသူ Psaki က ထုတ်ပြန်ပြောဆိုပါတယ်။
စစ်မှန်တဲ့ ဒီမိုကရေစီကို အကောင်အထည်ဖေါ်ရာမှာ စာနယ်ဇင်းသမားတွေရဲ့လွတ်လပ်ခွင့်ကို တန်ဖိုးထားဖို့ အရေးကြီးကြောင်းနဲ့ ပြုပြင်ရေးလမ်းကြောင်းပေါ်မှာ အခိုင်အမာ ဆက်လက်လျှောက်လှမ်းဖို့ တိုက်တွန်းကြောင်းစသဖြင့် အမေရိကန်နိုင်ငံခြားရေးဌာန အရာရှိကပြောကြားလိုက်ပါတယ်။