စစ်အစိုးရ၏ ကာကွယ်ရေး အသုံးစရိတ်သစ် စာရင်းမှန်မဖြစ်နိုင်ဟု ဝေဖန်
2011.03.02

အခုနှစ်အတွက် စစ်အစိုးရ ပြဌာန်းလိုက်တဲ့ နိုင်ငံ့ဘဏ္ဍာ ခွဲဝေသုံးစွဲရေးဆိုင်ရာ ဥပဒေသစ်ထဲမှာ ကာကွယ်ရေး စစ်အသုံးစရိတ်ကို ၂၅ ရာနှုန်းနီးပါး သုံးစွဲဖို့ သတ်မှတ်ထားပြီး၊ ကျန်မာရေးနဲ့ ပညာရေးကဏ္ဍတွေမှာတော့ ၅ ရာခိုင်နှုန်းလောက်ပဲ သုံးစွဲဖို့ လျာထားကြောင်း မနေ့က ထုတ်ပြန်တဲ့ စစ်အစိုးရဲ့ နိုင်ငံတော် ပြန်တမ်းမှာ ဖော်ပြထားပါတယ်။
ဘတ်ဂျက်တခုလုံးရဲ့ လေးပုံတပုံနီးပါးဖြစ်တဲ့ ၂၃ ဒသမ ၆ ရာနှုန်းကို ကာကွယ်ရေး အသုံးစရိတ်အဖြစ် သတ်မှတ်ထားပြီး၊ ကျန်းမာရေးမှာ ၁ ဒသမ ၃ ရာနှုန်း၊ ပညာရေးမှာ ၄ ဒသမ ၁၃ ရာနှုန်းပဲ သုံးစွဲဖို့ ခွဲဝေ ထားတာ ဖြစ်ပါတယ်။
စစ်အစိုးရက နှစ်ပေါင်းများစွာအတွင်း အခုလို ဘတ်ဂျက်စာရင်းကို ပထမဆုံးအကြိမ် ထုတ်ပြန်လိုက်ပေမဲ့ စစ်အသုံးစရိတ်နဲ့ ပတ်သက်လို့ စာရင်းထဲ မဖော်ပြပဲ သုံးစွဲမှုတွေနဲ့ပါ ထည့်တွက်ရင် မြန်မာနိုင်ငံရဲ့ ကာကွယ်ရေး အသုံးစရိတ်ဟာ ဘတ်ဂျက်ရဲ့ ၄၅ ရာနှုန်းလောက်အထိ ရှိနိုင်တယ်လို့ မြန်မာ့နိုင်ငံရေး၊ စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက သုံးသပ်ပါတယ်။
“ဒီ လေးပုံတပုံဆိုတာက ဒီ ဘတ်ဂျက်မှာ ဖြစ်တယ်။ အခြား ဘတ်ဂျက်စာရင်းမှာ မပါတဲ့ ငွေတွေနဲ့ ဝယ်တဲ့ နောက်တခုက ဒီ ပစ္စည်းပေါ် barter system နဲ့ လဲတဲ့ ကိစ္စတွေမှာလည်း တချို့က ဒီ ဘတ်ဂျက်ထဲမှာ မပါတာတွေ အများကြီး ပါတယ်။ အနည်းဆုံး ကျွန်တော်တို့ ခန့်မှန်းတာက (၄၁ ကနေ ၄၅ ရာခိုင်နှုန်းလောက်) သုံးပါတယ်၊ ဘတ်ဂျက်ရဲ့။”
စစ်အစိုးရဟာ နိုင်ငံဘဏ္ဍာ ခွဲဝေသုံးစွဲရာမှာ ဘတ်ဂျက်တခုလုံးရဲ့ ၄၀ ရာနှုန်းနီးပါးကို စစ်အသုံးစရိတ်အဖြစ် အဓိကထား သုံးစွဲနေပြီး၊ ကျန်မာရေးနဲ့ ပညာရေးတို့မှာ မဆိုစလောက်ပဲ သုံးစွဲနေခဲ့တာကြောင့် ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန် ပေါ်ထွက်ခဲ့တဲ့နောက်ပိုင်း ဘတ်ဂျက်အသုံးစရိတ်တွေ လူသိရှင်ကြား ထုတ်ပြန်ကြေညာမှုကို လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကစလို့ ရပ်ဆိုင်းထားခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ကျန်းမာရေးနဲ့ ပညာရေးတို့လို အရေးကြီးတဲ့ ကဏ္ဍတွေမှာ ထိရောက်တဲ့ ငွေကြေးသုံးစွဲမှု မရှိတာကြောင့် အဖက်ဖက်က ဆိုးဝါးနိမ့်ကျနေခဲ့တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ ကုလသမဂ္ဂ ယူနီဆက် ကလေးများ ရန်ပုံငွေအဖွဲ့ရဲ့ ၂၀၁၁ ခုနှစ် အစီရင်ခံစာအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၀ ကျော်ထဲမှာ မြန်မာနိုင်ငံဟာ မွေးကင်းစကလေး သေဆုံးမှု အများဆုံး ၄၄ နိုင်ငံမြောက်အဖြစ် ဖော်ပြခံရပါတယ်။
စစ်အစိုးရက အခုလို နိုင်ငံဘဏ္ဍာငွေတွေထဲက ကာကွယ်ရေး အသုံးစရိတ်ကို ဘာ့ကြောင့် အများဆုံး သုံးစွဲနေသလဲ ဆိုတာနဲ့ ပတ်သက်လို့ မြန်မာ့ စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးအောင်ကျော်ဇောကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက် |
![]() |
အသံဖိုင်ယူရန် |