မွန်ပြည်နယ်ဝန်ကြီး ခန့်အပ်မှု ကိုယ်စားလှယ် ဝေဖန်
2017.06.08

မွန်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးဌာနနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနတွေရဲ့ ဝန်ကြီး ခန့်အပ်ရာ မှာ အမည်စာရင်းတင်သွင်းထားတဲ့ ဦးမင်းကျော်လွင် ကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေ သဘောဆန္ဒကို မမေးဘဲ အတည်ပြုလိုက်တာဟာ ဥပဒေနဲ့မညီဘူးလို့ လွှတ်တော်ကိုယ်စားလှယ်တွေက ဝေဖန်နေပါတယ်။
ဝန်ကြီးအဖြစ် ခန့်အပ်ခံလိုက်ရတဲ့ ဦးမင်းကျော်လွင်ဟာ ပြည်တွင်းမှာ ဆယ်နှစ်တိုင်ဆက်တိုက် မနေတာဟာ ဖွဲ့စည်းပုံနဲ့မညီသလို လွှတ်တော်ဥက္ကဌက ကိုယ်စားလှယ်တွေ သဘောဆန္ဒမပေးဘဲ အတည်ပြုတာဟာလည်း ဥပဒေဘောင်ကျော်လွန် လုပ်ဆောင်တာလို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမင်းအောင် ကပြော ပါတယ်။
" ၁ဝ နှစ်အတွင်း မြန်မာနိုင်ငံမှာ အခြေကျတဲ့လူဖြစ်ရမယ်၊ အဲ့အချိန်မှာသူက ဟိုဘက်မှာရှိနေတယ်၊ သွားပြီးတော့ ဒီမှာငြိနေတယ်၊ ငြိနေတော့ ဒါကိုထောက်ပြပြီးတော့ အခြေခံဥပဒေအရ ငြိစွန်းတဲ့အတွက်ကြောင့် သတ်မှတ် ထားတဲ့ အရည်အချင်း မပြည့်နိုင်တာကို လွှတ်တော်ကို ကန့်ကွက်ပြီးတင်ပြဆွေးနွေးတယ်ပေါ့၊ လွှတ်တော်ရဲ့ သဘောထားဆန္ဒရယူခြင်းမရှိဘူး၊ လွှတ်တော်ကိုယ်စားလှယ်တွေကို မမေးဘူး၊ လွှတ်တော်က သဘောတူ ပါသလား ဘာညာလုံးဝမမေးဘူး၊ ကျော်လွန်ပြီး လုပ်ဆောင်သွားတဲ့ပုံစံဖြစ်သွားတယ်"
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက လစ်လပ်နေတဲ့ စည်ပင်သာယာရေးဝန်ကြီးဌာနနဲ့ ဆောက်လုပ်ရေး ဝန်ကြီးဌာန ၂ခုကို ဝန်ကြီးအဖြစ်ခန့်အပ်ဖို့ ဦးမင်းကျော်လွင်ကို မနေ့က လွှတ်တော်မှာ အမည်စာရင်းတင်သွင်းခဲ့ တာဖြစ်ပါတယ်။
ဦးမင်းကျော်လွင်ဟာ ၂၀၀၂ခုနှစ်မှ ၂၀၀၇အထိ ကမ္ဘောဒီယားနိုင်ငံ၊၂၀၀၇မှ ၂၀၁၃ခုနှစ်အထိ စင်္ကာပူနိုင်ငံမှာ အလုပ်လုပ်ကိုင်ခဲ့တယ်လို့ သူ့ကိုယ်ရေးမှတ်တမ်းမှာ ပါရှိပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအရ ပြည်နယ်ဝန်ကြီးအဖြစ် ရွေးကောက်တင်မြှောက်ခံရသူဟာ တင်မြှောက်ခံရတဲ့အချိန် မတိုင်ခင် ပြည်တွင်းမှာ အနည်းဆုံး ၁၀နှစ် တစ်ဆက်တည်း အခြေချနေထိုင်သူဖြစ်ရမယ့်လို့ ဦးထွန်းမင်းအောင် ကပြောပါတယ်။
ဒီနေ့လွှတ်တော်မှာ ဦးမင်းကျော်လွင် ကို စည်ပင်သာယာရေးဝန်ကြီးနဲ့ ဆောက်လုပ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ဖို့ အတည်ပြုလိုက်ပါတယ်။