သီးနှံအာမခံစနစ်ထားရှိရေး စတင်အကောင်အထည်ဖော်ဖို့ရှိ
2018.11.08
သီးနှံအာမခံစနစ်ကို လက်ရှိအစိုးရသက်တမ်းအတွင်းမှာ အကောင်အထည်ဖော်ဖို့ မျှော်မှန်းထားတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က ပြောလိုက်ပါတယ်။
နေပြည်တော်က စိုက်ပျိုးရေး၊ မွေးမြေူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနမှာ ဒီနေ့ကျင်းပတဲ့ သီးနှံအာမခံစနစ် အကောင်အထည်ဖော်ရေး အလုပ်ရုံဆွေးနွေးပွဲ ခေတ္တနားချိန်မှာ ပြောခဲ့တာဖြစ်ပါတယ်။
ဒုတိယဝန်ကြီး ဦးလှကျော်က အဲဒီစနစ်ကို အကောင်အထည်ဖော်ဖို့အတွက် စွန့်စားရမှုများကြောင်း၊ စီးပွားရေး လုပ်ငန်းလုပ်မယ်ဆိုရင် စွန့်စားရမှုနည်းတဲ့လုပ်ငန်းကိုပဲ ဦးတည်ကြောင်းနဲ့ တောင်သူတွေ ပိုသိလာလေလေ ဒီအာမခံလုပ်ငန်းက အောင်မြင်မယ့် အနေအထားရှိကြောင်း RFA ကိုပြောပါတယ်။
လတ်တလောမှာ ဂျပန်နဲ့ အိန္ဒိယနိုင်ငံက အာမခံကုမ္ပဏီ ၃ ခုခန့် အပါအဝင် ပြည်တွင်းက အာမခံလုပ်ငန်းတွေ ကလည်း စိတ်ဝင်တစား လေ့လာမှုတွေရှိနေပြီး ဧရာဝတီတိုင်း၊ ဟင်္သာတ၊ ကန်ကြီးထောင့်၊ ပုသိမ်နဲ့ လပွတ္တာ စတဲ့ မြို့နယ်တွေမှာ အကြိုစီမံကိန်း ဧက ၂၀၀ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
အကြိုစီမံကိန်းအရ စပါးတစ်ဧကကို ကျပ် ၅၀၀၀ ပေးသွင်းရပြီး စပါး တင်း ငါးဆယ်အောက် လျော့နည်းထွက်ရှိရင် စပါးတစ်တင်းကို ငွေကျပ် ၅၀၀၀ နှုန်းနဲ့ အာမခံကုမ္ပဏီက ပေးလျော်ရမှာဖြစ်ပါတယ်။
သီးနှံအာမခံလုပ်ဆောင်တဲ့နေရာမှာ ရာသီဥတု၊ မိုးရေချိန်၊ လေတိုက်နှုန်း၊ ဈေးနှုန်းစတဲ့ ညွှန်ကိန်းတွေပေါ်မှာ လုပ်ဆောင်ကြဖို့ ဆွေးနွေးထားတာတွေရှိပေမယ့် ရာသီဥတုပေါ်မှာ အခြေတည်လုပ်ဆောင်သင့်တယ်လို့ ကုန်သည်၊ စက်မှုအသင်း ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောပါတယ်။
တောင်သူတွေကြုံတွေ့နေရတဲ့ပြဿနာဟာ ရာသီဥတု တစ်ခုတည်းမဟုတ်ပဲ ဈေးနှုန်း၊ ဈေးကွက်၊ ပိုးမွှား၊ သွင်းအားစု အတုအပပြဿနာ၊ စက်ကိရိယာ အရည်အသွေး မပြည့်မီတာတွေပါ ရှိနေတဲ့အတွက် အားလုံးခြုံငုံနိုင်တဲ့ အာမခံစနစ်ကို အစိုးရနဲ့ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦးက အကြံပြုပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။