ဒီမိုကရေစီအင်အားစုတွေနဲ့ ပူးပေါင်းဖို့ ကုလနဲ့ နိုင်ငံတကာကို CRPH တောင်းဆို

RFA Burmese
2023.02.06
ဒီမိုကရေစီအင်အားစုတွေနဲ့ ပူးပေါင်းဖို့ ကုလနဲ့ နိုင်ငံတကာကို CRPH တောင်းဆို ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ဘူတာရုံလမ်းမပေါ်မှာ ၂၀၂၁ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့က စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး CRPH ကို ထောက်ခံကြောင်း ဆန္ဒပြကြစဉ်။
Photo: RFA

ပြည်သူ့အာဏာကို ပြည်သူတွေထံပြန်အပ်နိုင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်ရေးအတွက် မြန်မာ့ဒီမိုကရေစီအင်အားစုတွေနဲ့အတူ လက်တွဲပူးပေါင်းဖို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ တိုက်တွန်းတောင်းဆိုပါတယ်။

CRPH အပါအဝင်၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ နိုင်ငံရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်ရေးအဖွဲ့အစည်းတွေနဲ့ လက်တွဲပူးပေါင်းဖို့ CRPH တည်ထောင်ခြင်း နှစ်နှစ်ပြည့်မှာ ထုတ်ပြန်ချက်ထုတ်ပြီး တောင်းဆိုခဲ့တာပါ။

နှစ်နှစ်ကြာတဲ့အထိ အတူတကွရပ်တည်ခဲ့တဲ့ ပြည်သူတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကိုလည်း ကျေးဇူးတင်ကြောင်းနဲ့ ဘယ်လိုအခက်အခဲ အတားအဆီးတွေ ရှိပါစေ တော်လှန်ရေး၊ နိုင်ငံရေးအဖွဲ့အစည်းတွေ အားလုံးနဲ့အတူ ကြိုးပမ်းသွားမယ်လို့ CRPH ကဆိုပါတယ်။

၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ လွှတ်တော်အစည်းအဝေးခေါ်ယူဖို့ နေပြည်တော်ကို စုဝေး ရောက်ရှိခဲ့ပေမယ့် ၁ ရက်နေ့ မနက်အစောပိုင်းမှာပဲ စစ်တပ်က အာဏာသိမ်းခဲ့တာပါ။

လွှတ်တော်အဆောက်အအုံတစ်ခုလုံးအပြင် ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တွေရှိတဲ့ စည်ပင်ဧည့်ရိပ်သာတစ်ခုလုံးပါ ပိတ်ဆို့ခံရပြီးနောက် ငါးရက်အကြာမှာပဲ လွှတ်တော် ကိုယ်စားလှယ်တွေ စုပေါင်းပြီး ပြည်ထောင်စုလွှတ်တော် အရေးပေါ်အစည်းအဝေးကို အွန်းလိုင်းကတစ်ဆင့် ခေါ်ယူခဲ့ပြီး CRPH ကို ဖွဲ့စည်းခဲ့တာပါ။

နောက်ပိုင်းမှာတော့ အာဏာသိမ်းစစ်ကောင်စီဟာ CRPH အပါအဝင် NUG၊ PDF အဖွဲ့တွေကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခဲ့ပြီးနောက် ဖမ်းဆီးအရေးယူတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

နိုင်ငံအရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့ထိ စာရင်းအရ အာဏာသိမ်းနှစ်နှစ်အတွင်း ဒီမိုကရေစီအရေး လှုပ်ရှားသူနဲ့ ပြည်သူ ၂၉၅၁ ဦး သေဆုံးခဲ့ပြီး ၁၃,၈၂၅ ဦး ဖမ်းဆီးခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။