လူ့အခွင့်အရေးအစီရင်ခံစာ အရပ်ဘက်အဖွဲ့အစည်းတွေ ကုလသမဂ္ဂထံ တင်သွင်းမည်
2015.03.17

မြန်မာနိုင်ငံက အရပ်ဘက်လူမှု အဖွဲ့အစည်း ၃၁ ဖွဲ့ပူးပေါင်း ပြုစုထားတဲ့ လူ့အခွင့်အရေး အစီရင်ခံစာကို လာမယ့် မတ်လ ၂၀ ရက်နေ့မှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီထံ တင်ပြမယ်လို့ အရပ်ဘက်လူမှု အဖွဲ့အစည်းတွေက ဒီကနေ့ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးယဉ်ကျေးမှု မထွန်းကားသေးဘူးလို့ ရန်ကုန်မြို့ Orchid Hotel မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ညီမျှခြင်းမြန်မာ Equality Myanmar အဖွဲ့ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်း က ပြောပါတယ်။
"ငြိမ်းချမ်းစွာ စီတန်းလှည့်လည်မှုတွေ ခွင့်ပြုတယ်ပြောပေမဲ့ ကျောင်းသားတွေအပေါ်မှာ ရက်ရက်စက်စက်ရိုက်နှက်ခဲ့တယ်၊ အစိုးရတစ်ရပ် အနေနဲ့ လူ့အခွင့်အရေးယဉ်ကျေးမှုတစ်ရပ် ထွန်းကားဖို့မလုပ်ဘဲနဲ့ အရင်တုန်းကလိုပဲ လူ့အခွင့် အရေးလှုပ်ရှားတဲ့သူတွေကို အမုန်းတရားထားတဲ့ အတွင်းခံစိတ်ဓါတ်တွေရှိနေတုန်းပဲ၊ ဒါမျိုးဖြစ်လို့ရှိရင်တော့ မှတ်လောက်သားလောက်အောင် အကြမ်းဖက် ပြီးတော့ လုပ်ဆောင်မယ်ဆိုတဲ့ အကြမ်းဖက်ယဉ်ကျေးမှုကို ကျင့်သုံးနေတုန်းပဲဆိုတာက ကျနော်တို့မြန်မာပြည် ရဲ့ ရှေ့ဆက်သွားဖို့အတွက် လမ်းကြောင်းပေါ်မှာ အဓိကအခက်အခဲတွေဖြစ်နေတယ်လို့ သုံးသပ်ချင်တယ်"
အဲဒီအစီရင်ခံစာကို ပြည်တွင်းအရပ်ဘက် လူမှုအဖွဲ့အစည်း ၃၁ ဖွဲ့တို့က မြန်မာနိုင်ငံဒေသအတော်များများက လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်းတွေကိုကိုးကားပြီး ရေးဆွဲပြုစုထားတာဖြစ်ပါတယ်။
လာမယ့် နိုဝင်ဘာလအတွင်း ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာကျင်းပမယ့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ မြန်မာနိုင်ငံကတင်သွင်းတဲ့ အစီရင်ခံစာတွေကိုလည်း ထည့်သွင်းဆွေးနွေးကြမှာ ဖြစ်ပါတယ်။
ညီမျှခြင်းမြန်မာ Equality Myanmar အဖွဲ့ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။