တရုတ် သံအမတ်ကြီးထံ လူမှုရေးအဖွဲ့ ၆၀ က စာပေးပို့
2016.08.18

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်ကို သွားရောက်နေစဉ်အတွင်း ပြည်တွင်းရှိ လူမှုရေး အဖွဲ့ပေါင်း ၆၀ က မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီးထံကို ဒီကနေ့ သဘော ထား ကြေညာချက်တစ်စောင် ပေးပို့လိုက်ပါတယ်။
အဲ့ဒီ ကြေညာချက်မှာ သမိုင်းအစဉ်အလာအရ တရုတ်-မြန်မာ ချစ်ကြည်ရေး တည်ဆောက်တာကို လက်ခံထောက် ခံတယ်။ ဒါပေမဲ့ ဒီအစဉ်အလာကောင်းကို အနာဂတ်မှာ အကောင်အထည်ဖေါ်ရာမှာ မြစ်စုံရေကာတာ တည်ဆောက်ရေးဟာ အဟန့်အတားဖြစ်လာမှာကို စိုးရိမ်တယ်လို့ ဖေါ်ပြထားပါတယ်။ ဒီပေးစာနဲ့ပတ်သက်ပြီး စစ်မှန်သောပြည်သူ့ကျေးကျွန်အဖွဲ့ ဒါရိုက်တာ ဦးသွင်လင်းအောင် က
"မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတစ်ရပ်လုံးက ဧရာဝတီဆိုတာ အားလုံးတန်ဖိုးထားတဲ့ အမွေအနှစ်တစ်ခုလည်း ဖြစ် တဲ့အတွက် အဲ့ဒီဧရာဝတီကို ထိခိုက်မယ့်ကိစ္စတွေကို လုံးဝလက်မခံနိုင်ဘူးဆိုတဲ့ သဘောထားကိုပြဖို့ရယ် နောက် တစ်ခုက နိုင်ငံတော်အတိုင်ပင်ခံက တရုတ်ပြည်ကို သွားနေတဲ့အချိန်မှာ အဲ့မြစ်ဆုံဆည်နဲ့ ပတ်သက်ပြီးတော့ တရုတ်အစိုးရက တစ်စုံတရာ နိုင်ငံတော်အတိုင်ပင်ခံကို အခက်ကြုံအောင် နည်းနည်းလေးဖိအားပေးတဲ့ဟာ မျိုးတွေ မဖြစ်လာနိုင်အောင်လို့ ကျနော်တို့ရဲ့ သဘောထားကို အစိုးရဆီကိုပို့ထားတာပါ" လို့ ပြောပါတယ်။
ဒါ့အပြင် မြစ်ဆုံဒေသ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေနဲ့ မြန်မာပြည်သူ တိုင်းရင်း သားတွေရဲ့ ဆန္ဒသဘောထားကို ကျယ်ကျယ်ပြန့်ပြန့် ရယူခြင်းမရှိတာကိုလည်း အလေးနက်ထားသုံးသပ်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
အလားတူပဲ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာပြုလုပ်နေတဲ့ တခြားစီမံကိန်းကြီးများ ရင်းနှီးမြု့ပ်နှံမှု များမှာလည်း မြန်မာပြည်သူတွေရဲ့ သဘောထားမှန်များကို သုံးသပ်မှုရှိဖို့လိုအပ်သလို ကျင့်ဝတ်များနဲ့ အညီဆောင် ရွက်ခဲ့ရင် အနာဂတ်မှာ နှစ်နိုင်ငံချစ်ကြည်ရေး တည်တန့်ခိုင်မြဲမှာဖြစ်တယ်လို့ ရေးသားထားပါတယ်။
စစ်မှန်သောပြည်သူ့ကျေးကျွန်အဖွဲ့ ဒါရိုက်တာ ဦးသွင်လင်းအောင် ကို ဦးတင်အောင်ခိုင် က ဆက်သွယ်မေးမြန်း ထားပါတယ်။