ဥပဒေ ၂၀ ခန့်ကို အမြန်ပြဌာန်းပေး ဖို့ အရပ်ဘက်အဖွဲ့တွေ တိုက်တွန်း
2016.10.10

လက်ရှိတည်ဆဲဥပဒေအချို့ ပြင်ဆင်ရေးဆွဲရေးအပါအဝင် ဥပဒေပေါင်း ၂၀ ခန့် ကို အမြန်ပြဌာန်းပေးဖို့ အရပ်ဘက် လူမှုအဖွဲ့အစည်းတချို့က ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာသုံးသပ်ဆန်း စစ်ရေးကော်မရှင်ကို တိုက်တွန်းလိုက်ပါတယ်။
ဒီကနေ့ နေပြည်တော် လွှတ်တော်အဆောက်အဦးအတွင်းက ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူး ကိစ္စရပ်များ လေ့လာသုံးသပ်ဆန်းစစ်သုံး သပ်ရေးကော်မရှင်ရုံးမှာ တွေ့ဆုံစဉ် တိုက်တွန်းခဲ့တာဖြစ်တယ်လို့ Equality Myanmar ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။
"ကျနော်တို့ တင်ပြမှာဆိုရင် ဥပမာ မီဒီယာဥပဒေလိုမျိုး လိုရင်တမျိုး မလိုရင်တမျိုး အဲ့လိုဖြစ်တယ်၊ နောက်တစ်ခုက ကျနော်တို့ တချို့ဥပဒေတွေက ကိုလိုနီခေတ်က ဥပဒေတွေ အခုထက်ထိလုပ်ဆောင်နေတယ်၊ အဲ့ဒါကိုပြောင်းလဲ သင့်ဖို့ ကျနော်တို့ကပြောတယ်၊ နောက်တခါက ဘယ်လိုဥပဒေအသစ်တွေလိုအပ်လဲ ဒါကိုကျနော်တို့ အဓိက ထားပြောတယ်"
ကော်မရှင်က အမြန်ဆုံးပြဌာန်းသင့်တယ်လို့ အဆိုပြုထားတဲ့ ဥပဒေပေါင်း ၅၀ နီးပါးရှိပြီး အရပ်ဘက် အဖွဲ့တွေ တင်ပြတဲ့ ဥပဒေတွေနဲ့တိုက်ဆိုင်တာတွေကို အသေးစိတ် ဆွေးနွေးကြမှာဖြစ်တယ်လို့လည်း ဦးအောင်မျိုးမင်း က ပြောပါတယ်။
ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များလေ့လာသုံးသပ်ဆန်းစစ်ရေးကော်မရှင်က မူပိုင်ခွင့် ဥပဒေတွေ၊ စီးပွားရေးဆိုင်ရာဥပဒေ တချို့အပါအဝင် ဥပဒေပေါင်း ၅၀ ခန့်ကို အမြန်ပြဌာန်းသင့်တယ်လို့ ပြည်ထောင် စုလွှတ်တော်ကို အကြံပြုထားပါတယ်။
ကော်မရှင်ဥက္ကဌ သူရဦးရွှေမန်းက အရပ်ဘက်လူ့အဖွဲ့အစည်းတွေဟာ တိုင်းပြည်မှာ အရေးပါတဲ့အဖွဲ့တွေဖြစ်သလို ဥပဒေပြုရာမှာလည်း အရပ်ဘက်အဖွဲ့တွေရဲ့ အကူအညီလိုအပ်တယ်လို့ ပြောပါတယ်။
ဒီကနေ့ တွေ့ဆုံပွဲကို ကော်မရှင် အဖွဲ့ဝင်တွေနဲ့ Equality Myanmar ၊ Triangle Women Support စတဲ့ အရပ်ဘက်အဖွဲ့အစည်း ၁၀ ဖွဲ့ကျော် တက်ရောက်ခဲ့ပါတယ်။