အပစ်ရပ်စာချုပ်မှာ အားလုံးပါဝင်နိုင်ရေး ကြိုးပမ်းပေးဖို့ KNU ကို ကရင်ကွန်ရက် တိုက်တွန်း
2015.08.24

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံးလက်မှတ်ရေးထိုး ပါဝင်နိုင်ရေးအတွက် ကရင်အမျိုးသားအစည်းအရုံး KNU အနေနဲ့ ကြိုးပမ်းအကောင်အထည်ဖော်ပေးဖို့ KPSN ကရင်အရပ်ဘက် လူမှုအဖွဲ့အစည်းများကွန်ရက်က ဒီကနေ့ အရေးပေါ် ကြေညာချက်ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေအပေါ် စိုးရိမ်ပူပန်တာကြောင့် အခုလို တိုက်တွန်းရတာဖြစ်တယ်လို့ KPSN အဖွဲ့ပြောခွင့်ရသူ ဦးမန်းသိမ်းဇော်က ပြောပါတယ်။
"ကျနော်တို့ အဓိကပြောချင်တာက လက်ရှိ NCA ထိုးတဲ့အပေါ်မှာ တိုင်းရင်းသားအဖွဲ့တွေအားလုံး ပါဝင်အတူတကွ ထိုးစေချင်တယ်၊ နောက်တစ်ခုက အားလုံးကို မျှမျှတတဖြစ်ပြီးတော့ ပွင့်ပွင့်လင်းလင်းဖြစ်တဲ့ ပုံသဏ္ဍန်မျိုးကို သွားစေချင်တယ်ပေါ့၊ ကိုယ့်ဘာသာကိုယ် တစ်ဖွဲ့တည်းသွားတာမျိုး မဟုတ်ဘဲနဲ့ ၅ ဖွဲ့လောက်ပဲ ထိုးမယ်ဆိုလို့ရှိရင်တော့ ဒါ NCA လို့လည်း သတ်မှတ်လို့မရဘူးလို့ ကျနော်တို့အနေနဲ့ ထုတ်တာဖြစ်ပါတယ်"
တကယ်လို့ အကြောင်းအမျိုးမျိုးကြောင့် အဖွဲ့အားလုံးမပါဝင်နိုင်ခဲ့ရင် အဲဒီလက်မှတ်မရေးထိုးနိုင်တဲ့ အဖွဲ့တွေအတွက် နိုင်ငံရေး၊ စစ်ရေးနဲ့ လူမှုရေး အာမခံချက်ရပြီးမှသာ သဘောတူလက်မှတ်ရေးထိုးဖို့လည် KPSN အဖွဲ့က တောင်းဆိုထားပါတယ်။
KPSN အဖွဲ့ဟာ မြန်မာနိုင်ငံတွင်းက ကရင်အရပ်ဘက်အဖွဲ့အစည်းပေါင်း ၂၉ ဖွဲ့နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးမန်းသိမ်းဇော်ကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။