ရန်ကုန်တိုင်းအတွင်း ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်ခံရတဲ့မြို့နယ် လေးခုထိရှိလာ
2022.06.17

Photo: RFA
ရန်ကုန်တိုင်း တောင်ပိုင်းခရိုင်ထဲက ကော့မှူးမြို့နယ်မှာ ဇွန်လ ၁၆ ရက် မနေ့ကစလို့ စစ်ကောင်စီက ဆိုင်ကယ် စီးနင်းခွင့် ပိတ်ပင်လိုက်တာကြောင့် အခုဆိုရင် ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်ခံရတဲ့မြို့နယ် လေးခုအထိ ရှိလာ တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကော့မှူးမြို့နယ်ထဲက ကျေးရွာတချို့မှာ ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်ထားတာ တစ်လနီးပါး ရှိနေပေမယ့် ဇွန်လ ၁၆ ရက်မနေ့ကတော့ တစ်မြို့လုံး ဆိုင်ကယ်စီးနင်းခွင့်ပိတ်ပင်ကြောင်း စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး တွေကတစ်ဆင့် ကြေညာတာလို့ အမည်မဖော်လိုတဲ့ ကော့မှူးမြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။
"ကားနဲ့ကို လိုက်ကြေညာသွားတာ။ ဆိုင်ကယ်စီးရင် သိမ်းမယ်ဆိုတာ။ အရင်တုန်းက ဆိုင်ကယ်စီးရင် ဖမ်းတယ်။ သုံးသောင်း၊ လေးသောင်းပေးလိုက်ရင် ပြန်ရတယ်။ ဖမ်းတယ် ဆိုလို့ ယာဉ်ထိန်းရဲ မဟုတ်ဘူးနော်။ စစ်ကောင်စီတပ်တွေ၊ ယူနီဖောင်းနဲ့ကို ဖမ်းတာ။ ဒီမနက်က စပြီး ဟိုနားဒီနား စီးတဲ့လူတွေ အကုန်ပါတာပဲ။ ပြန်ရွေးမရဘူး။ အကုန်ကားနဲ့ တိုက်သယ်သွားကြတာ။ သူတို့ထင်နေတာ ဆိုင်ကယ်တွေဖမ်းရင် သူတို့ကို လာမပစ်နိုင်တော့ ဘူးပေါ့။ သူတို့ကို ပစ်မယ့်သူက ဆိုင်ကယ်မရှိရင် ကားနဲ့လာမှာပေါ့ဗျ။ အလကား ပြည်သူကို နည်းမျိုးစုံနဲ့ နှိပ်စက်နေတာ"
ဒီနေ့ ဇွန်လ ၁၇ ရက်နေ့ မှာတော့ ကော့မှူးမြို့နယ်ထဲက လမ်းမကြီးတွေသာမက ကျေးရွာလမ်း တွေထဲအထိ စစ်ကောင်စီတပ်တွေက ဆိုင်ကယ်ဝင်ရောက် ဖမ်းဆီးတာတွေရှိနေပြီး ဆိုင်ကယ် အစီးရေ ၄၀ ထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့မေလကနေ လက်ရှိအချိန်အထိ ကော့မှူးမြို့နယ်အပါအဝင် သန်လျင်၊ တွံတေး၊ ဒလ စတဲ့ မြို့နယ် လေးမြို့နယ်မှာ ဆိုင်ကယ်မစီးရအမိန့်ကို စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ကနေတစ်ဆင့် ထုတ်ပြန်ခဲ့တာပါ။ ဆိုင်ကယ် စီးနင်းတာကို တွေ့ရှိရင် အကြောင်းပြချက်မရှိ သိမ်းယူခံရမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။
ရန်ကုန်တိုင်း တောင်ပိုင်းခရိုင် မြို့နယ်ထဲမှာ ပါဝင်တဲ့ သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ကိုကိုးကျွန်း စတဲ့ မြို့နယ်တွေဟာ သွားရေးလာရေးအတွက် ဆိုင်ကယ်ကို အဓိက အားထားအသုံးပြုရတဲ့ မြို့နယ်တွေ ဖြစ်ပါတယ်။