မိုချာ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်နိုင်လို့ ကြိုတင်ပြင်ဆင်ထားသင့်

RFA Burmese
2023.05.07
မိုချာ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်နိုင်လို့ ကြိုတင်ပြင်ဆင်ထားသင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ၂၀၂၃ ခုနှစ် မေလ ၇ ရက် ထုတ်ပြန်ချက်အား တွေ့ရစဉ်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ မေလ ၈ ရက်နေ့ကစလို့ လေဖိအားနည်း ရပ်ဝန်း ဖြစ်ပေါ်လာနိုင်ပြီး မေ ၉ ရက်နေ့မှာ မုန်တိုင်းငယ်အဆင့်နဲ့ မေ ၁၀ ရက်နေ့မှာ ဆိုင်ကလုန်းမုန်တိုင်းအဆင့် ရောက်နိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။

ယီမင်နိုင်ငံက မိုချာလို့ အလှည့်ကျနာမည်ပေးထားတဲ့ အဲဒီဆိုင်ကလုန်းမုန်တိုင်းဟာ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်တွေကို တိုက်ခိုက်နိုင်ပေမယ့် မုန်းတိုင်းစဖြစ်မယ့် လမ်းကြောင်းအပေါ် မူတည်တယ်လို့ မိုးလေဝသလေ့လာသူတွေက ခန့်မှန်းထားပါတယ်။

မိုးလေဝသခန့်မှန်းသူ ဦးဝင်းနိုင်ကတော့ မေလ ၁၃ ရက်နေ့မှာ မုန်တိုင်းဗဟိုနားရဲ့ လေတိုက်နှုန်းဟာ မိုင်တစ်ရာကျော်ဖြစ်လာနိုင်တယ်လို့ RFA ကို ပြောပါတယ်။

“မေလ ၁၃ ရက်ည ၈ နာရီအချိန်မှာ အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း အဆင့်ကို ရောက်ပါမယ်။ အဲဒီကနေစပြီးတော့ မုန်တိုင်းဗဟိုနားက လေတိုက်နှုန်းက မိုင်တစ်ရာကျော်လောက် ဖြစ်လာမယ်လို့ ကျွန်တော်တို့ ခန့်မှန်းထားတယ်”

အခုလက်ရှိ ခန့်မှန်းလမ်းကြောင်းအတိုင်း ဂွမြို့နဲ့ ချောင်းသာအကြားပဲဝင်မယ်ဆိုရင်တော့ နည်းနည်းသက်သာနိုင်ပြီး လမ်းကြောင်းအောက်ဘက်ကို ထပ်ကျလာရင် မြစ်ဝကျွန်းပေါ် ဒေသမှာ ထိခိုက်မှုများနိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် အခုချိန်ကစပြီး ရွှေ့ပြောင်းကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ကြိုတင်ပြင်ဆင် ဖို့ လိုတယ်လို့လည်း ဦးဝင်းနိုင်က အကြံပေးပါတယ်။

မေလ ၁၁ ရက်မှာစပြီး အင်အားပြင်းတဲ့ ဆိုင်ကလုန်းအဆင့် ရောက်လာမယ့် မိုချာမုန်တိုင်း လမ်းကြောင်းဟာ မေလ ၁၅ ရက်နေ့မှာ ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မှာ အဆုံးသတ် နိုင်တယ်လို့ မိုးလေဝသလေ့လာသူတွေက ခန့်မှန်းထားပါတယ်။

စစ်ကောင်စီကတော့ မိုချာဆိုင်ကလုန်းမုန်တိုင်းနဲ့ ပတ်သက်လို့ မုန်တိုင်းဝင်ရောက်မယ့် လမ်းကြောင်း နှစ်ကြောင်း ခန့်မှန်းပြီး ကြိုတင်ပြင်ဆင်တာတွေ ဆောင်ရွက်နေတယ်လို့ ပြန်ကြားရေးဌာနကနေ သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။