ဒန်နီဖန်းစတားကို ထောင်ချတာ စစ်ကောင်စီက အမေရိကန်ကို တန်ပြန်ဆောင်ရွက်တာလို့ HRW နဲ့ RSF သုံးသပ်

2021.11.12
ဒန်နီဖန်းစတားကို ထောင်ချတာ စစ်ကောင်စီက အမေရိကန်ကို တန်ပြန်ဆောင်ရွက်တာလို့ HRW နဲ့ RSF သုံးသပ် အမေရိကန်နိုင်ငံသား သတင်းထောက် Danny Fenster ကို တွေ့ရစဥ်
AFP Photo
အမေရိကန်သတင်းထောက် ဒန်နီဖန်းစတားကို ဒီနေ့ ထောင် ၁၁ နှစ်ချလိုက်တာဟာ မြန်မာစစ်ဗိုလ်ချုပ်ကြီး တွေက သူတို့အပေါ် စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေကို မလိုလားဘူး ဆိုတဲ့အကြောင်း အမေရိကန်ကို အချက်ပေးပြသလိုက်တာဖြစ်သလို၊ သူတို့ဘက်ကလည်း ပြန်ပြီးတုံ့ပြန်အရေးယူနိုင်တယ်ဆိုတာမျိုး ဓားစာခံသံတမန်နည်းနဲ့ ပြသလိုက်တာဖြစ်တယ်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ဒီနေ့ ကြေညာချက်ထုတ်ပြီး ပြောလိုက်ပါတယ်။
 
ပြင်သစ်နိုင်ငံအခြေစိုက် RSF ခေါ် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ကလည်း ဒန်နီဖန်းစတားကို မြန်မာစစ်ခေါင်းဆောင်တွေက ထောင်ဒဏ် ၁၁ နှစ် ချမှတ်လိုက်တာဟာ အနှစ် နှစ်ဆယ်အတွင်း သတင်း ထောက်တစ်ယောက်ကို ထောင်ချတဲ့နှုန်း အများဆုံးဖြစ်နေသလို အထူးတုန်လှုပ်မိတယ်လို့ပြောပါတယ်။ အထူးသဖြင့် သူ့ကို အခုလိုထောင်ချလိုက်တာဟာ မြန်မာစစ်ခေါင်းဆောင်တွေက အမေရိကန်နဲ့ အပေး အယူလုပ်လိုတဲ့သဘောလည်း ဖြစ်နိုင်တယ်လို့ သူ့အနေနဲ့ ထင်မြင်ယူဆတဲ့အကြောင်း RSF အဖွဲ့ရဲ့ အရှေ့တောင်အာရှဆိုင်ရာတာဝန်ခံ Daniel Bastard က RFA ကို ပြောပါတယ်။
 
ဒန်နီဖန်းစတားကို တရားရုံးမှာ စစ်ဆေးစီရင်တဲ့လုပ်ရပ်ဟာ စစ်ကောင်စီအလိုကျဆောင်ရွက်နေတဲ့ အတုအယောင် တရားစီရင်ရေးသာဖြစ်တယ်။ ဒန်နီဟာ ဘယ်လိုရာဇဝတ်မှုကိုမှ မကျူးလွန်ထားဘူး။ ဒါကြောင့် အယောင်ဆောင် တရားစီရင်ထားတာကို ရုပ်သိမ်းပြီး ဒန်နီဖန်းစတားကို ချက်ချင်းပြန်လွှတ်ဖို့နဲ့ သူအိမ်ပြန်ချင်ရင် ပြန်ခွင့်ပေးသင့်တယ်လို့လည်း HRW ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
ဒီလုပ်ရပ်ဟာ မြန်မာပြည်တွင်းမှာရှိတဲ့ သတင်းထောက်တွေအားလုံးကို ကြောက်ရွံ့တုန်လှုပ်သွားအောင် ခြိမ်းခြောက်လိုက်တာလည်းဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် စစ်ကောင်စီက သတင်းထောက်တွေကို ဖမ်းနေတာ၊ မီဒီယာတွေကို ဖိနှိပ်နေတာတွေကိုရပ်ဖို့၊ HRW အနေနဲ့ ဖန်းစတားနဲ့အတူ သွေးစည်းညီညွတ်ပြီး ရပ်တည်နေတယ်လို့ ပြောဆိုလိုက်သလို၊ ဖန်းစတားနဲ့အတူ ဖမ်းထားတဲ့သတင်းထောက်တွေကို အမြန်ဆုံး ပြန်လွှတ်ဖို့ တောင်းဆိုလိုက်ပါတယ်။
 
ဒန်နီဖန်းစတားအလုပ်လုပ်ခဲ့တဲ့ Frontier Myanmar သတင်းဌာနရဲ့ အယ်ဒီတာချုပ် Thomas Kean ကလည်း ဒန်နီဖန်းစတားကို အခုလိုအမိန့်ချလိုက်တဲ့အပေါ် သူတို့ဌာနကလူတွေအားလုံး စိတ်မကောင်းဖြစ်ရတဲ့အ ကြောင်းနဲ့ သူ့ကိုအမြန်ဆုံးပြန်လွှတ်ပြီး အိမ်ပြန်ခွင့်ပေးတာကို တွေ့မြင်ချင်တဲ့အကြောင်း ဒီနေ့ ထုတ်ပြန် ကြေညာပါတယ်။
 
အလားတူ AI ခေါ် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကလည်း ဒန်နီကို အခုလို ထောင်ချလိုက်တဲ့ အပေါ် ပြစ်တင်ရှုတ်ချလိုက်ပြီး၊ အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ဒန်နီဖန်းစတားကို အမှုပေါင်းများစွာနဲ့ စွဲချက်တင်ပြီး အခုလိုထောင်ချလိုက်တာဟာ သူလုပ်ခဲ့လုပ်ရပ်နဲ့ ခံရတဲ့ပြစ်ဒဏ် ဘယ်လို မှမသက်ဆိုင်ဘူးလို့လည်း AI အဖွဲ့က ပြောပါတယ်။ အဲဒီအပြင် ဒန်နီဖန်းစတား အလုပ်လုပ်ခဲ့တဲ့ သတင်း ဌာနတွေနဲ့ ပတ်သက်လို့ တရားရုံးတင်ပြချက်တွေကိုလည်း တရားသူကြီးက လျစ်လျူရှုခဲ့တယ်လို့ ထောက်ပြ ပါတယ်။
 
ဒန်နီဖန်းစတားကို မြန်မာနောင်း သတင်းဌာမှာ အလုပ်လုပ်ခဲ့တာနဲ့ ပတ်သက်လို့ စစ်ကောင်စီလက်အောက်ခံ တရားရုံးက တရားစွဲခဲ့တာပါ။ ဒါပေမဲ့ ဒန်နီဟာ မြန်မာနောင်းသတင်းဌာကနေ ၂၀၂၀ နှစ် ဇူလိုင်လကတည်းက နုတ်ထွက်ထားပြီး Frontier Myanmar သတင်းဌာနမှာ အလုပ်လုပ်နေခဲ့တာဖြစ်တဲ့အတွက် အဲဒီအချက် တရားရုံးကိုတင်ပြပေမဲ့ တရားသူကြီးက လက်မခံခဲ့တာလို့ Frontier Myanmar သတင်းဌာနရဲ့ အယ်ဒီ တာချုပ် Thomas Kean က ABC သတင်းဌာနမှာ ပြောထားပါတယ်။
 
Myanmar Now သတင်းဌာနရဲ့ အယ်ဒီတာချုပ် ကိုဆွေဝင်းကလည်း စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း သူတို့သတင်းဌာနက ဖမ်းဆီးမယ့်သူတွေစာရင်းမှာ ဒန်နီဖန်းစတားနာမည် ထည့်ထားတာတွေ့ခဲ့ရတဲ့ အကြောင်းနဲ့ ဒန်နီဟာ စစ်အာဏာမသိမ်းခင်နှစ်ကတည်းက မြန်မာနောင်းနဲ့ အလုပ်မလုပ်တော့တာ ဖြစ်တဲ့အကြောင်း RFA ကိုပြောပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။