နှစ်မကုန်ခင် လျှပ်စစ်မီးလိုအပ်ချက် ၅ဝ ရာခိုင်နှုန်း ရရှိဖို့ ဒေါ်အောင်ဆန်းစုကြည် ရည်မှန်း
2019.05.09

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနှစ်မကုန်ခင် မြန်မာနိုင်ငံရဲ့ လျှပ်စစ်မီးလိုအပ်ချက်ကို ၅ဝ ရာခိုင်နှုန်း အထိ ဖြည့်ဆည်းပေးဖို့ မျှော်မှန်းထားပါတယ်။ ဒ့ါအပြင် နောက် ၃ နှစ်အတွင်းမှာ အပြည့်အဝရရှိဖို့ ကြိုးစားမှာ ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ မကွေးဒေသခံပြည်သူတွေနဲ့ မနေ့က တွေ့ဆုံရာမှာ သူက အခုလို ပြောကြားခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်က မိမိတို့ အစိုးရတာဝန်ယူချိန်ကစပြီး နံပါတ်တစ် ဦးစားပေးအချက်က တနိုင်ငံလုံးမှာ အလုပ်အကိုင်တွေ ဖန်တီးပေးရေးဖြစ်တယ်။ အဲဒီလို အလုပ်အကိုင်တွေ ဖန်တီးရေးအတွက် လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်မီး ရရှိရေးဟာ အခြေခံကျတယ်။ ပြီးခဲ့တဲ့ ၂ နှစ် လောက်တုန်းကဆိုရင် လျှပ်စစ်မီးကို နိုင်ငံ့လိုအပ်ချက်ရဲ့ ၃ဝ ရာခိုင်နှုန်းလောက်ပဲ ဖြန့်ဖြူးပေးနိုင်ခဲ့တာဖြစ်တဲ့အတွက် အခု နှစ်ဆနီးပါးတိုးတက်လာတာ ဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။
တဆက်တည်းမှာပဲ ခေတ်နဲ့ညီပြီး လက်တွေ့ကျတဲ့ ပညာရေးစနစ်ကို ထူထောင်လိုကြောင်းနဲ့ အသက်မွေးဝမ်းကျောင်းပညာကို အားပေးမှာဖြစ်ကြောင်းများအပြင် ပြည်သူပြည်သားအားလုံးအနေနဲ့ လူ့ဘဝကို ဖြတ်သန်းရှင်သန်နေစဉ်အတွင်း လောကကောင်းကျိုးအတွက် တခုခုလုပ်ပေးနိုင်ခဲ့အောင် စိတ်ဓာတ်တွေ မွေးမြူကြပါလို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။