ဒေါ်အောင်ဆန်းစုကြည် စွပ်စွဲခံရတဲ့ အဂတိငါးမှု စွဲချက်တင်ဖို့ အမိန့်ချခံရ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရားရင်ဆိုင်နေရတဲ့ အမှုတွေထဲက နောက်ဆုံးကျန်နေတဲ့ အဂတိအမှု ငါးမှုကို အောက်တိုဘာလ ၁၈ ရက်၊ ဒီနေ့ရုံးချိန်အတွင်း နေပြည်တော်အချုပ်ထောင်တွင်းတရားရုံးက စွဲချက်တင်ဖို့ အမိန့်ချလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒီအမှုတွေဟာ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ကို စွပ်စွဲထားတဲ့ ရဟတ်ယာဉ် ဝယ်ယူ၊ ငှားရမ်းကိစ္စနဲ့ သက်ဆိုင်တဲ့ အဂတိအမှုတွေ ဖြစ်ပါတယ်။
အမှုနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက ပြန်ခေါ်သက်သေတွေ စစ်ဆေးဖို့ တရားရုံးကို တင်ပြခဲ့ပြီး အောက်တိုဘာလ ၂၅ ရက်၊ အင်္ဂါနေ့ နောက်တစ်ပတ် ရုံးချိန်းမှာ တရားလိုဖြစ်တဲ့ စစ်ကောင်စီရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အရာရှိ ဦးအောင်ခန့်အပါအဝင် ပြန်ခေါ်သက်သေ လေးဦးကို စစ်ဆေးဖို့ ရှိနေတယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုပေါင်း ၁၉ မှုနဲ့ တရားရင်ဆိုင်နေရပြီး အခုစွပ်စွဲထားတဲ့ အဂတိမှုအမှု ငါးမှုက နောက်ဆုံးကျန်နေတဲ့ အမှုတွေဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့ကပဲ အဂတိမှုနှစ်မှုအတွက် ထောင်သုံးနှစ် ချမှတ်ခဲ့တာကြောင့် စုစုပေါင်း အမှု ၁၄ မှုအတွက် ထောင်ဒဏ် ၂၆ နှစ် ချမှတ် ခံထားရတာပါ။
ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်အသစ်တွေ ထပ်မံချမှတ်နေတာကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနဲ့ သူအပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံရသူအားလုံး ခြွင်းချက်မရှိ လွှတ်ပေးဖို့ ပြင်သစ်နိုင်ငံက အောက်တိုဘာ ၁၃ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။