အာဆီယံ ထိပ်သီးအစည်းအဝေးတွေကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်


2017.11.05
dassk-622.jpg နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်
Photo: Kyaw Zawe Win/ RFA

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ် အစည်းအဝေးတွေ တက်ရောက်ဖို့ ဖိလစ်ပိုင်နိုင်ငံကို အခုလလယ်လောက်မှာ သွားရောက်မှာဖြစ်ပါတယ်။

အဲဒီအစည်းအဝေးတွေကို တက်ရောက်လာမယ့် အမေရိကန်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ သီးသန့်တွေ့ဆုံဖို့ ရှိ၊ မရှိနဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျ က အခုလိုပြောပါတယ်။

"အဲ့လိုမျိုးကတော့ကြိုပြီးတော့ ညှိနှိုင်းဆောင်ရွက်တဲ့ အနေအထားမျိုးရှိတယ်ခင်ဗျ။ ဘာဖြစ်လို့လည်း ဆိုတော့ အစည်းအဝေးတက်လာတဲ့ နိုင်ငံခေါင်းဆောင်တွေက ၁၈ နိုင်ငံခေါင်းဆောင်တွေ ဆိုတော့လေ။ သူတို့လည်းရောက်တုန်း တွေ့ချင်တယ် ဘာညာဆိုတာမျိုးဆိုတော့လေ တွေ့ခွင့်တောင်း တတ်ပါတယ်။ ကျနော် နားလည်သလောက်ကတော့ စောစောပိုင်းကနေ ကျနော်တို့ဘက်က သေချာ စီစဉ်ထားလား၊ မစီစဉ်ထားလား။ အဲ့တော့ သက်ဆိုင်ရာနိုင်ငံတွေကို မေးပြီးတော့မှပဲ ဖြေပေးလို့ ရမယ်။ လတ်တလောတော့ နှစ်ဖက်ကြိုတင်ညှိနှိုင်းထားပြီး မပြီး ဆိုတာတော့ အခုချိန်မှာတော့ နည်းနည်းပြောဖို့ နည်းနည်းစောပါသေးတယ်"

ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို နိုဝင်ဘာလ ၁၁ ရက်နေ့ကနေ ၁၄ ရက်နေ့လောက်အထိ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်သွားမှာဖြစ်ပါတယ်။

ဒါ့အပြင် လာမယ့် နိုဝင်ဘာလ ၁၅ ရက်နေ့မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်ကို လာရောက်မှာ ဖြစ်ပြီး အမေရိကန်နဲ့ မြန်မာနှစ်နိုင်ငံကြား ဆွေးနွေးညှိနှိုင်းထားတာရှိတယ်လို့ ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာပြည်ခရီးစဉ်မှာ နှစ်နိုင်ငံကြားကိစ္စရပ်တွေကို ဆွေးနွေးသွားမှာဖြစ်ပြီး အမေရိကန်ပါတီနှစ်ခုလုံးမှာရှိတဲ့ လွှတ်တော်အမတ်တွေက ရခိုင်ကိစ္စနဲ့ပတ်သက်ပြီး မြန်မာ့တပ်မတော်က ထိပ်ပိုင်းခေါင်းဆောင်တွေကို ပစ်မှတ်ထားအရေးယူဖို့ ဆုံးဖြတ်ထားတဲ့ကိစ္စတွေနဲ့ပတ်သက်လို့ ဆွေးနွေးလာနိုင်ချေ ရှိတယ်လို့လည်း ဦးကျော်ဇေယျ ကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။