UEHRD လုပ်ငန်းတွေ အောင်မြင်တာတွေရှိသလို မမျှော်လင့်တာတွေလည်း ကြုံရကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား


2018.10.18
dassk-uehrd-622.jpg နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နေပြည်တော်မှာ ၂၀၁၈ အောက်တိုဘာလ ၁၈ ရက်နေ့ကကျင်းပတဲ့ UEHRD နှစ်ပတ်လည် အခမ်းအနားမှာ အမှာစကားပြောကြားစဉ်
Photo: Myanmar State Counsellor Office

ရခိုင်အရေးအတွက် အစိုးရက ဖွဲ့စည်းထားတဲ့ UEHRD လုပ်ငန်းတွေ အောင်မြင်တာတွေရှိသလို မျှော်လင့်ထားသလို မြန်မြန်ဆန်ဆန် မဖြစ်တာတွေလည်းရှိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

နေပြည်တော်က အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ ဒီကနေ့  ကျင်းပတဲ့ ရခိုင်ပြည်နယ် လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း UEHRD တနှစ်ပြည့် အခမ်းအနားမှာ နိုင်ငံတော်အတိုင်ပင်ခံက ပြောကြားသွားတာပါ။

လုပ်ငန်းတွေကို လက်တွေ့ဆောင်ရွက်ရာမှာ ကြုံတွေ့ရတဲ့ အားနည်းချက်တွေကို ပြင်ဆင်ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

UEHRD ဟာ ရခိုင်ပြည်နယ်မှာ ကျန်းမာရေး၊ လူမှုရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားသူတွေ ပြန်လာဖို့ နေရာထိုင်ခင်းအပါအဝင်လုပ်ငန်းတွေကို ကော်မတီ ၁၀ ခုဖွဲ့စည်းပြီး စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပါဝင်ဆောင်ရွက်နေတာဖြစ်ပါတယ်။

ဒါပေမဲ့ ဘယ်လုပ်ငန်းတွေအောင်မြင်ပြီး၊ ဘယ်လိုလုပ်ငန်းတွေ မအောင်မြင်ဘူးဆိုတာတော့ နိုင်ငံတော် အတိုင်ပင်ခံက ထည့်သွင်းပြောကြားတာ မရှိပါဘူး။

UEHRD ကို ပြီးခဲ့တဲ့နှစ်က စတင်ဖွဲ့စည်းစဉ်က ပုဂ္ဂလိကလုပ်ငန်းရှင်တွေဖြစ်တဲ့ မက်စ်မြန်မာ ဦးဇော်ဇော်၊ အေးရှားဝေါ ဦးထွန်းမြင့်နိုင်၊ အိုင်ဂျီအီးလုပ်ငန်းအုပ်စုက  ဦးနေအောင်စတဲ့ သူတွေက ကျပ်ငွေ ၁၈ ဘီလီယံကျော် လှူဒါန်းခဲ့သလို ဒီနှစ်လည်း တက်ရောက်တာတွေ့ရပါတယ်။

UEHRD မှာ ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဌအဖြစ်ဆောင်ရွက်ပြီး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဒုတိယဥက္ကဌအဖြစ် ဆောင်ရွက်နေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။