တရားဥပဒေစိုးမိုးမှ ငြိမ်းချမ်းရေး ခိုင်မာမယ်လို့ ဒေါ်အောင်ဆန်း စုကြည် ပြောကြား


2014.09.06
dassk-bayda-305.jpg ရန်ကုန်မြို့၊ မီကာဆာဟိုတယ်မှာ စက်တင်ဘာလ ၅ ရက်နေ့ က BAYDA Institute နှင့် Konrad-Adennauer-Stiftung ပူးပေါင်းစီစဉ်တဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်း စုကြည် အမှာစကားပြောကြားစဉ်
Photo: NLD Facebook

မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှုရှိမှ ပြည်တွင်းငြိမ်း ချမ်းရေး ခိုင်မာမှုရှိမယ်လို့ NLD ပါတီ ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ ရန်ကုန်မြို့ ရန်ကင်းမြို့နယ်က မီကာဆာဟိုတယ်မှာ မနေ့က စပြီး နှစ်ရက်ကြာပြုလုပ်နေတဲ့  “မြန်မာနိုင်ငံ အသွင် ကူးပြောင်းရေးကာလ စိန်ခေါ်မှုများ“ ဆိုတဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့တာပါ။

"ကျမတို့က နံပါတ် ၂ ပြည်တွင်းငြိမ်းချမ်းရေးဆိုတာ တချို့က ဒါကို ကန့်ကွက်ကြတယ်၊ အထူးသဖြင့် တိုင်းရင်းသားတွေက ဘာဖြစ်လို့ နံပါတ် ၂ ပြည်တွင်း ငြိမ်းချမ်းရေးလဲ၊ နံပါတ် ၁ ပြည်တွင်းငြိမ်းချမ်းရေး မဟုတ်ဘူးလားဆိုတာ ဒါလည်း ကျမလက်တွေ့ ကျကျသိပါတယ်၊ တကယ့် ပြည်တွင်းငြိမ်းချမ်းရေး ရေ ရှည်ခံဖို့ဆိုရင် တရားဥပဒေ စိုးမိုးမှုမရှိပဲနဲ့ မရပါဘူး၊ ဘယ်လိုပဲ သဘောတူညီချက်တွေယူယူ၊ ဘယ်လိုပဲ သဘောတူညီချက်တွေ လက်မှတ်ထိုးထိုး၊ တရား ဥပဒေစိုးမိုးမှု မရှိလို့ရှိရင် ဒီသဘောတူညီချက်တွေဟာ ဘယ်လောက်အထိ တည်မြဲမှာလဲဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်"

ဒါ့အပြင်  မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးဟာ  တခြားနိုင်ငံတွေ ဖြတ်သန်းခဲ့တဲ့ အသွင်ကူးပြောင်းရေးတွေထက် ပိုပြီးခက်ခဲနက်နဲပြီး စိန်ခေါ်မှုတွေအများအပြား ရှိနေတာမို့ မိတ်ဆွေနိုင်ငံတွေအနေနဲ့ အကောင်းဖက်ကချည်းမရှုမြင်ဖို့ လိုတယ်လို့လည်း ပြောပါတယ်။

အဲဒီအလုပ်ရုံဆွေးနွေးပွဲကို BAYDA Institute နဲ့ ဂျာမန် KAS (Konrad-Adennauer-Stiftung) ဖောင်ဒေးရှင်းတို့က ပူးပေါင်းစီစဉ်တာဖြစ်ပြီး NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့အတူ တိုင်းရင်းသား နိုင်ငံရေးပါတီ ၁၁ ပါတီတို့ တက်ရောက်ဆွေးနွေးနေကြတာလည်း ဖြစ်ပါတယ်။

ဆွေးနွေပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တွေကို RFA အဖွဲ့သူ မသင်းသီရိ ကောက်နှုတ် တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။