လူမျိုးသုဉ်း သတ်ဖြတ်မှုမရှိ ဟု ဒေါ်အောင်ဆန်း စုကြည် ပြောကြား


2017.04.07
dassk-bbc-interview-620.jpg British Broadcasting Corporation - BBC သတင်းဌာနက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံမေးမြန်းစဉ်
Photo:BBC

မြန်မာနိုင်ငံမှာ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေ မရှိဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ငြင်းဆိုလိုက်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ဖော်ပြနေတာတွေကို ရှင်းပြဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ဗြိတိန်အခြေစိုက် BBC သတင်းဌာနက တွေ့ဆုံမေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောလိုက် တာပါ။

“လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ မရှိပါဘူး။ လက်ရှိ ဖြစ်နေတာတွေကို “လူမျိုးသုဉ်း သတ်ဖြတ်မှု” ဆိုပြီး သုံးနှုန်းတာဟာ ပြင်းထန်လွန်း အားကြီးပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာပါ။

ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ အများကြီးရှိနေပြီး၊ မွတ်ဆလင်တွေ ကြားမှာလည်း အစိုးရအာဏာပိုင်တွေနဲ့ ပူးပေါင်းတယ်ဆိုတဲ့ သံသယနဲ့ အချင်းချင်း သတ်ဖြတ်တာတွေ ရှိနေတယ် လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တပ်မတော်အပေါ် ထိန်းချုပ်နိုင်မှုမရှိဘူးလားဆိုတဲ့ မေးခွန်းကိုတော့ စစ်တပ်အနေ နဲ့ လုယက်မှု၊ မုဒိန်းမှုနဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေလုပ်ခွင့်မရှိ တိုက်ပွဲတွေကိုတော့ တိုက်ခိုကနိုင်တယ်လို့ ဖြေပါတယ်။ တဆက်တည်း စစ်ရေးစစ်ရာကိစ္စတွေကို တပ်မတော်ကဘဲ စီမံခန့်ခွဲခွင့် ပြဌါန်းထားတဲ့အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံ ကို ပြင်ဆင်နိုင်ဖို့ကြိုးပမ်းနေတယ်လို့လည်း ဖြေသွားပါတယ်။

နိုဘယ်ဆုရှင်တွေက ရိုဟင်ဂျာများ နိုင်ငံသားအခွင့်အရေး အပြည့်အဝရရှိဖို့ ဒေါ်အောင်ဆန်းစုကြည်က ဆောင် ရွက်ပေးခြင်းမရှိလို့ ဝေဖန်မှုနဲ့ပတ်သက်ပြီးမေးရာမှာ ဒါဟာသူတို့ အမြင်ဖြစ်ပါတယ်။ သူ့အနေနဲ့ နိုင်ငံတာဝန် စယူချိန်က နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်ကို စပြီးလုပ်ခဲ့ပြီး နိုင်ငံသားဖြစ်ထိုက်သူ နိုင်ငံသားဖြစ်ဖို့ ဆောင်ရွက် ခဲ့တာအပြင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း၊ ဒေသတွင်းတည်ငြိမ်ရေးနဲ့ သဟဇာတမျှတညီညွတ်ရေး ကို ဖေါ်ဆောင်ပေးနေ တာဖြစ်တယ်လို့ ဖြေပါတယ်။

ရခိုင်ပြည်နယ်က ပြဿနာတွေကိုဖြေရှင်းဖို့ နိုင်ငံတကာအချက်အလက်ရှာဖွေရေးအဖွဲ့နဲ့ နိုင်ငံတကာအေဂျင်စီတွေ လာခွင့်နဲ့ပတ်သက်ပြီးမေးရာမှာ ရခိုင်ပြည်နယ်မှာ ဘာမှမဖြစ်ခင်ကတည်းက ရခိုင်အရေးကို သုံးသတ်ဖို့ မစ္စတာကိုဖီအာနန်ကော်မရှင်ကို ဖိတ်ကြားခဲ့တာဖြစ်တယ်လို့ ဖြေသွားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားကြတဲ့ သောင်းနဲ့ချီတဲ့ ဒုက္ခတွေနဲ့ ပတ်သက်ပြီး သတင်းထောက် က မေးမြန်းရာမှာ တကယ်လို့ သူတို့ပြန်လာမယ်ဆိုရင် ဒီဘက်မှာ လုံခြုံစိတ်ချမှုရှိစေမယ်၊ တချို့ဒုက္ခသည်တွေ ပြန် လာနေကြတယ်လို့ ဖြေသွားပါတယ်။

သတင်းထောက်က ရခိုင်ကိုကိုယ်တိုင်သွားပြီး ဘာကြောင့်ငြိမ်းချမ်းရေးအတွက် တိုက်တွန်းတာမျိုး မလုပ်တာလဲ ဆိုတဲ့ မေးမြန်းချက်ကိုတော့ ရခိုင်ကိစ္စနဲ့ပတ်သက်ပြီး ဆောင်ရွက်နေသူတွေ ကိုယ့်လုပ်ငန်းကို ကိုယ်စွမ်းဆောင်နိုင် တာကို ပြသခွင့်ပေးထားတာဖြစ်ပါတယ်လို့ ဖြေသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။