ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြို ဒေသတချို့မှာ ဆန္ဒပြ
2024.06.17

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အကြိုအဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေကို ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ဧရာ၀တီတိုင်းက သပိတ်အင်အားစုတွေနဲ့ ဒေသခံတွေက ဇွန်လ ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေမှာ ပြုလုပ်ခဲ့တယ်လို့ ဒီလှုပ်ရှားမှုတွေမှာ ပါဝင်သူတွေက ပြောပါတယ်။
ဇွန်လ ၁၇ ရက်နေ့ကတော့ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်က ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ်စစ်ကြောင်းနဲ့ အောင်လံလွှင့်မည်ရွှေရေကြည်သပိတ်အဖွဲ့တွေ ပူးပေါင်းပြီး "ငုံ့မခံဘဲ တုံ့ပြန်မယ့် သံမဏိနှင်းဆီတွေ" စာသားနဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြို ချီတက်ဆန္ဒပြကြတာပါ။
အရာတော်မြို့နယ်မှာတော့ ကျောင်းသားလူငယ်တွေ ဦးဆောင်ပြီး ဒေသခံ ပြည်သူတွေကို နိုင်ငံရေးတရားဟောတာနဲ့ ညနေခင်းမှာ သပိတ်စစ်ကြောင်း ချီတက်တာတွေ ပြုလုပ်ခဲ့ပါတယ်။ မုံရွာမြို့နယ်ထဲက မုံရွာ-အရာတော်လမ်းပိုင်းမှာလည်း မုံရွာနဲ့ အရာတော်က ဒေသခံတွေ စုပေါင်းပြီး အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ကလေးမြို့နယ်မှာတော့ ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီက ဒေါ်အောင်ဆန်းစုကြည် ၇၉ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်ပြုလုပ်တာနဲ့ ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံပါ ပိုစတာတွေကို ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြတာပါ။
လုံခြုံရေးတွေ တင်းကျပ်ထားတဲ့ ရန်ကုန်မြို့မှာတော့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး အမြန်ဆုံးလွတ်မြောက်ဖို့ "လွှတ်" ဆိုတဲ့ လှုပ်ရှားမှုတစ်ကို ဇွန်လ ၁၆ နေ့မှာ ပြုလုပ်ခဲ့ပါတယ်။
ရန်ကုန်မြို့ လူစည်ကားရာနေရာတစ်ခုဖြစ်တဲ့ ကမ္ကာအေးလမ်းပေါ်က လူကူးဂုံးတံထားမှာ "လွှတ်" ဆိုတဲ့ စာသားကို ချိတ်ဆွဲပြီးဆန္ဒပြခဲ့တာလို့ ရန်ကုန်အခြေစိုက် ထောက်ပို့တပ်သား ပစ်တိုင်ထောင်များအဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
"စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ နိုင်ငံတော် သမ္မတကြီး ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရေစီလိုလားတဲ့ အရပ်သားပြည်သူတွေကို မတရားဖမ်းဆီးခဲ့တယ်၊ အဲဒီလို ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ သောင်းချီတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး အမြန်ဆုံး လွတ်မြောက်ဖို့ လိုအပ်တာကြောင့် "လွှတ်" ဆိုတဲ့ စကားလုံးလေးတစ်လုံးသာပါတဲ့ ဘန်နာကို ချိတ်ဆွဲခဲ့ရတာဖြစ်ပါတယ်"
ဇွန်လ ၁၆ ရက်နေ့မှာပဲ ဧရာ၀တီတိုင်းထဲ ပုသိမ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) ကလည်း အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ပြည်တွင်းမှာ ဆန္ဒပြလှုပ်ရှားမှုတွေရှိနေသလို့ ပြည်ပနိုင်ငံတချို့မှာလည်း ဒေါ်အောင်ဆန်းစုကြည် မွေးနေအကြိုအဖြစ် အထိမ်းအမှတ်ပွဲတွေ ကျင်းပနေကြတာလည်းရှိပါတယ်။
မနက်ဖြန် ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့် မွေးနေ့မှာ နိုင်ငံတစ်ဝန်း ပန်းသပိတ်လှုပ်ရှားမှု ပြုလုပ်ကြဖို့ သပိတ်အင်အားစုတွေက တိုက်တွန်းထားပါတယ်။