ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြို ထိုင်းနဲ့ နယ်သာလန်နိုင်ငံတွေမှာ ကျင်းပ

RFA Burmese
2024.06.17
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြို ထိုင်းနဲ့ နယ်သာလန်နိုင်ငံတွေမှာ ကျင်းပ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြို အခမ်းအနားအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့က တွေ့ရစဥ်။
အပြည်ပြည်ဆိုင်ရာ ပဲခူးတိုင်းအသင်း - ဓာတ်ပုံ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့် မွေးနေ့အကြိုအဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်၊ မဲဆောက်နဲ့ နယ်သာလန်နိုင်ငံတွေမှာ ဇွန်လ ၁၆ ရက်နေ့က ကျင်းပခဲ့တယ်လို့ ဦးစီးကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ပဲခူးတိုင်းအသင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဘန်ကောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ အခမ်းအနားမှာတော့ အသင်း ၂၄ သင်းပါဝင်တဲ့ ရန်ပုံငွေဘောလုံးပွဲကိုပါ ထည့်သွင်းကျင်းပခဲ့ပြီး ရရှိလာတဲ့ရန်ပုံငွေကို တော်လှန်ရေးအင်အားစုတွေထံ လှူဒါန်းသွားမယ်လို့ အပြည်ပြည်ဆိုင်ရာ ပဲခူးတိုင်းအသင်း အတွင်းရေးမှူး ဦးထင်ကျော်က RFA ကို ပြောပါတယ်။

“အမေစုကို ရည်ရွယ်ပြီးတော့ တော်လှန်ရေးကို အထောက်အကူဖြစ်စေဖို့အလို့ငှာ ထိုင်းနိုင်ငံမှာရှိတဲ့ ပဲခူးသူ၊ ပဲခူးသားတွေနဲ့အတူ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေ စုပေါင်းပြီးတော့ ထောက်ပို့အတွက် စည်းစည်းလုံးလုံး ညီညီညာညာနဲ့ အမေစုဖလားဆိုပြီးတော့ ဘောလုံးပွဲကိုပါ တစ်ပြိုင်နက် ကျင်းပခဲ့တယ်”

ဘန်ကောက်မြို့က ရန်ပုံငွေပွဲမှာ ထိုင်းဘတ် ကိုးသောင်းနီးပါးရရှိခဲ့ပြီး တခြားနေရာမှာပြုလုပ်တဲ့ ရန်ပုံငွေပွဲတွေကလည်း ရန်ပုံငွေတွေ ဆက်ရဖို့ရှိတယ်လို့ သူက ဆိုပါတယ်။

အဖွဲ့ဝင်အင်အား သုံးရာကျော်ရှိတဲ့ အပြည်ပြည်ဆိုင်ရာ ပဲခူးတိုင်းအသင်းဟာ တော်လှန်ရေးအဖွဲ့တွေအတွက် ပံ့ပိုးပေးနေတဲ့ ထောက်ပို့အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ထိုင်း၊ စင်ကာပူ၊ အမေရိကန်၊ နယ်သာလန်၊ မလေးရှား၊ ဂျပန်၊ တောင်ကိုရီးယား၊ တရုတ် စတဲ့ နိုင်ငံအစုံမှာ အခြေစိုက်ထားပါတယ်။

ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့်မွေးနေ့မှာ နိုင်ငံတစ်ဝန်း ပန်းသပိတ်လှုပ်ရှားမှု ပြုလုပ်ကြဖို့ သပိတ်အင်အားစုတွေက တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။