အခြေခံဥပဒေပြင်ဆင်ရေး သုံးပွင့်ဆိုင်ဆွေးနွေး ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်းမည်
2013.11.23

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်အတွက် အရေးအကြီးဆုံးဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အဆင်ပြေချောမွေ့စွာ ပြင်ဆင်နိုင်ရေး အတွက် တပ်မတော်၊ လွှတ်တော်နဲ့ အစိုးရတွေ့ ဆုံဆွေးနွေးဖို့အတွက် သမ္မတ ဦးသိန်းစိန်က အကောင်အထည်ဖော်ပေးစေလိုကြောင်း မေတ္တာရပ် ခံစာ ရေးသားပေးပို့သွားမယ်လို့ ဒီနေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးမှာ လွယ်ကူစေဖို့အတွက် အစိုးရ၊ တပ်မတော်၊ လွှတ်တော်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံနိုင်ရေး အတွက် သမ္မတထံ စာရေးသားပေးပို့သွားဖို့ ဒီနေ့ ကျင်းပတဲ့ ဗဟိုကော်မတီအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြောင်း NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းမြင့်က အခုလိုပြောပါတယ်။
“ပြုပြင်ပြောင်းလဲရေးမှာ လွယ်ကူအဆင်ပြေချောမွေ့ဖို့ ကျနော်တို့က သမ္မတရယ်၊ လွှတ်တော်ရယ်၊ တပ်မတော်ရယ်၊ ကျနော်တို့ဥက္ကဌရယ် တွေ့ဆုံဖို့ ကျနော်တို့ဆုံးဖြတ်ခဲ့တယ်”
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ သမ္မတ ဦးသိန်းစိန်ထံ မေတ္တာရပ်ခံ တိုက်တွန်းစာကို မကြာမီ ပေးပို့သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ အရှေ့ဥရောပနိုင်ငံတွေဆီ သွားရောက်တဲ့ခရီးစဉ်တွေမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးကို မြန်မာအစိုးရအနေနဲ့ ပံ့ပိုးကူညီမှုမရှိဘူးဆိုရင် အဲဒီအစိုးရဟာ ဒီမိုကရေစီစနစ်ကို တကယ်လိုချင်တဲ့ အစိုးရမဖြစ်နိုင်ကြောင်းနဲ့ လာမယ့်လအနည်းငယ်ဟာ မြန်မာနိုင်ရဲ့အနာဂတ်ကို ဆုံးဖြတ်ရာမှာ အလွန်အရေးပါကြောင်း ပြောဆိုခဲ့ပါတယ်။
ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး ပြည်သူတွေထံက အကြံပြုချက်တွေ တောင်းခံရာမှာ မူလသတ်မှတ်ထားတဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့အစား ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။