CRPH၊ NUG တို့ကို ဒေါ်အောင်ဆန်းစုကြည် မှတ်ချက်ပေးနိုင်တယ်လို့ စစ်ကောင်စီခေါင်းဆောင် ပြော

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) အပါအဝင် လက်ရှိနိုင်ငံရေးဖြစ်စဉ်တွေကို သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ဟာ ရှေ့နေတွေကတဆင့် မှတ်ချက် ပေးခွင့်ရှိတယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။
သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ရဲ့ ရှေ့နေတွေကို ပြောရေးဆိုခွင့် ပိတ်ပြီးနောက် နှစ်လ အကြာမှာ ခုလိုမှတ်ချက်ပေးခွင့်ပြုတယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌက ဒီဇင်ဘာ ၁၃ ရက် မနေ့က စစ်ကောင်စီ အစည်းအဝေး မှာ ပြောလိုက်တာပါ။
တစ်ဖက်မှာတော့ စစ်ကောင်စီဟာ သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ရဲ့ ရှေ့နေတွေကို သတင်းမီဒီ ယာတွေနဲ့ တွေ့ဆုံပြောဆိုခွင့်တွေကို ဥပဒေနဲ့ ပိတ်ပင်ထားပြန်ပါတယ်။
အောက်တိုဘာ ၁၅ ရက်မှာ ရှေ့နေအဖွဲ့ကို ပြောဆိုခွင့်ပိတ်ပင်ထားတယ်လို့ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က သူ့ရဲ့ဖေ့စ်ဘွတ်လူမှုကွန်ရက်မှာ အတည်ပြုရေးသားခဲ့ပါတယ်။
အခုတစ်ဖန် စစ်ကောင်စီ ဥက္ကဋ္ဌက ရှေ့နေတွေနဲ့ လွတ်လပ်စွာ တွေ့ခွင့်ပေးထားတယ်လို့ ဆိုသလို လက်ရှိ နိုင်ငံရေးအခြေအနေတွေနဲ့ ပတ်သက်လို့ ရှေ့နေတွေကတဆင့် မှတ်ချက်ပေးခွင့်ပြုထားတယ်လို့ နှစ်လ အကြာမှာ ပြောလာတာဖြစ်ပါတယ်။
နောက်ပြီး လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေတွေ၊ (NUG) နဲ့ (CRPH) တို့ ဖွဲ့စည်းထားတာတွေကိုလည်း သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ အနေနဲ့ ရှေ့နေတွေကတဆင့် သိထားပြီးဖြစ်မယ်လို့ ယူဆထားတယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌက ဆိုပါတယ်။
သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို ဒီဇင်ဘာလ ၆ ရက် က ပုဒ်မနှစ်ခုနဲ့ ထောင်ဒဏ် ၄ နှစ်စီ ချမှတ် ခဲ့ပြီးနောက် နာရီပိုင်းအကြာမှာပဲ စစ်ကောင်စီ ဥက္ကဋ္ဌ အမိန့်နဲ့ ၂ နှစ် လျှော့ပေါ့ပေးခဲ့ပါတယ်။ ဒါ့အပြင် ကျန်နေ သေးတဲ့ အမှုတွေကို ဆက်လက်စစ်ဆေးနိုင်ဖို့ အကျဉ်းထောင်ကိုမပို့ဘဲ လက်ရှိအကျဉ်းချထားတဲ့နေရာမှာပဲ ဆက်လက်နေထိုင်ခွင့် ပေးထားပါတယ်။