ဒေါ်အောင်ဆန်းကြည်အမှုအယူခံ ပြည်ထောင်စုတရားလွှတ်တော်ချုပ် ကြားနာစစ်ဆေးမည်

RFA Burmese
2023.04.19
ဒေါ်အောင်ဆန်းကြည်အမှုအယူခံ ပြည်ထောင်စုတရားလွှတ်တော်ချုပ် ကြားနာစစ်ဆေးမည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၈ ခုနှစ်မှာ တွေ့ရစဉ်။
AFP

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွပ်စွဲ ထောင်ချထားတဲ့ အမှုတွေထဲက အမှုတချို့ အယူခံတက်ထားတာကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဧပြီလ ၁၉ ရက် ဒီနေ့မှာ လက်ခံခဲ့ပြီး နှစ်ဖက်ကြားနာစစ်ဆေးဖို့ ရှိတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူခံအမှုအများစုကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က လက်မခံဘဲ ပယ်ချလေ့ရှိပြီး ဒီတစ်ကြိမ်မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက် ရဟတ်ယာဉ် ငှားရမ်း၊ ဝယ်ယူမှုနဲ့ သက်ဆိုင်တဲ့ အဂတိအမှုငါးမှု၊ ရွေးကောက်ပွဲ မသမာမှုစွပ်စွဲချက် ရာဇသတ်ကြီးပုဒ်မ- ၁၃၀ (က) အမှုနဲ့ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်ဥပဒေပုဒ်မ - ၃ (၁) (ဂ) အမှုတွေကို နှစ်ဖက်ကြားနာဖို့ လက်ခံခဲ့တာပါ။

သူရဲ့အမှုတွေအားလုံးကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကုန်မှာ အပြီးသတ်အမိန့်တွေ ချမှတ်ခဲ့ပြီးနောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ အယူခံ၊ အထူးယူခံနဲ့ ရာဇဝတ်ပြင်ဆင်မှုတက်တာတွေ ဆက်ရှိနေတာပါ။

အသက် ၇၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုပေါင်း ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ်ကို နေပြည်တော်အချုပ်ထောင်အတွင်းက အဆောက်အအုံငယ် တစ်ခုမှာ တစ်ဦးတည်း သီးသန့်ထားရှိပြီး အကျဉ်းကျခံနေရပါတယ်။

သူ့ရဲ့ရှေ့နေအဖွဲ့က တစ်ပတ်တစ်ကြိမ် ဒေါ်အောင်ဆန်းစုကြည်ထံ ထောင်ဝင်စာ ပို့ခွင့်ရပေမယ့် လူချင်းတော့ တွေ့ခွင့်မရဘူးလို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ မတရား ဖမ်းဆီးခံထားရသူတွေအားလုံး လွှတ်ပေးဖို့အတွက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အပါအဝင် အမေရိကန်၊ EU နဲ့ နိုင်ငံတကာက တောင်းဆိုမှုတွေ ရှိနေပါတယ်။

၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်က ကုလသမဂ္ဂ အထွထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာနဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို သူရဲ့နေအိမ်ကို ပြန်လည်ပို့ဆောင်ဖို့ နိုလင်းဟေဇာက တောင်းဆိုခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေအားလုံးပြီး ပြတ်သွားရင် စဉ်းစားဆောင်ရွက်မယ်လို့ ပြန်လည်တုံ့ပြန်ခဲ့ပေမယ့် လက်ရှိမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ဟာ ရှေ့နေအဖွဲ့နဲ့တောင် တွေ့ဆုံခွင့်မရဘဲ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ဖြတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။